MNP - ဇန်နဝါရီ ၁၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နိုင်ငံတော်ဧည့်ဂေဟာရှိ ဟိုတယ်များ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့်မင်္ဂလာသီရိဟိုတယ်၌ တွေ့ဆုံပြီး မြို့တော်နေပြည်တော်ကို “ GREEN CITY၊ CLEAN CITY၊ SMART CITY” ဖြစ်စေရန် လမ်းညွှန်ချက်နှင့်အညီ သန့်ရှင်းသာယာလှပသောမြို့တော်ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဝန်ကြီးဌာနမှလည်း Tourism Hub ဖြစ်စေရေးကို ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ဟိုတယ်များအနေဖြင့်လည်း နိုင်ငံတော်မှဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး မြို့တော်၏ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ယခုအခါ နေပြည်တော်သည် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လိုသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက် ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်ရာဟိုတယ်များအနေဖြင့် သန့်ရှင်းမှု၊ သာယာလှပမှုနှင့် ဝန်ဆောင်မှုအရည်အသွေးများ ကောင်းမွန်တိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတကာအဆင့်မီ ဟိုတယ်တစ်ခုဖြစ်စေရေးအတွက် ဟိုတယ်တွင် ဝန်ဆောင်မှုပေးနေသူများအားလုံး၏ ဝတ်စားဆင်ယင်မှုမှအစ ဝန်ဆောင်မှုပေးသည်အထိ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း၊ သေသေသပ်သပ်နှင့် Neat and Tidy ဖြစ်ရန်လည်းအထူးအရေးကြီးပြီး ဧည့်သည်များ စိတ်ချမ်းမြေ့စွာ အပန်းပြေနားနေနိုင်စေရေးအတွက်လည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပြီး ဟိုတယ်များသန့်ရှင်းသာယာလှပရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။
ထိုသို့တွေ့ဆုံစဉ် ဌာနဆိုင်ရာတာဝန်ရှိသူများက ရာဇသင်္ဂဟလမ်းမကြီး ဘေးဝဲယာရှိအတွင်း လမ်းနှင့်ဟိုတယ်ဧရိယာအကြား သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ နိုင်ငံတော်ဧည့်ဂေဟာများနှင့် ဟိုတယ်များအတွင်းသစ်ပင်ကြီးများ အလင်းဖွင့်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်းဆောင်ရွက်ထားရှိမှုနှင့်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
နေပြည်တော်သည် နိုင်ငံ၏မြို့တော်ဖြစ်သည့်အတွက် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များလာရောက်သည့်အခါတွင် မြန်မာနိုင်ငံ၏ စံပြမြို့တော်အဖြစ် ပုံရိပ်ကောင်းများစွဲထင်နေစေရေး၊ ပြည်တွင်း/ပြည်ပမှခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာ အချက်အချာနေရာတစ်ခုအဖြစ် ဖြစ်ပေါ်လာစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment