နိုင်ငံတော်အစိုးရက စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုးပမ်းအားထုတ်ပြီး ရဟန်းရှင်လူပြည်သူများ ဗဟုသုတရနိုင်အောင် ပြခန်းတွေကို ဖွင့်လှစ်ပြသရခြင်းဖြစ်ပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အစိုးရက စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုးပမ်းအားထုတ်ပြီး ရဟန်းရှင်လူပြည်သူများ ဗဟုသုတရနိုင်အောင် ပြခန်းတွေကို ဖွင့်လှစ်ပြသရခြင်းဖြစ်ပါတယ်








MNP  -  ဇန်နဝါရီ ၅

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ဆက်လက်ခင်းကျင်းပြသလျက်ရှိသည်။


အဆိုပါပွဲတော်၌ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၊ ခင်းကျင်းပြသထားသည့် ပြခန်းနှင့် ဂုဏ်ပြုယာဉ်များမှ တာဝန်ရှိသူများ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများကို အများပြည်သူများ သိရှိနိုင် ရန် ရေးသားဖော်ပြလိုက်ရပါသည်။


ဦးမြင့်စိုး(နေပြည်တော်ကောင်စီအဖွဲ့ဝင်)


ကျွန်တော်တို့ အထိမ်းအမှတ်ပြခန်းများ လုပ်ငန်းကော်မတီအနေနဲ့ နေပြည်တော်ကောင်စီက စီစဉ်ရပါတယ်။ ပြပွဲမှာဆိုရင် တိုင်းရင်းသားရိုးရာအစားအစာ ပြခန်း ၁၅ ခန်း၊ ဂုဏ်ပြုယာဉ်ကတော့ စုစုပေါင်း ၄၈ စီးဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ အထိမ်းအမှတ်ပြခန်း ၁၅ ခန်းနဲ့ ပြည်ထောင်စုဝန်ကြီးဌာန အထိမ်းအမှတ်ပြခန်း ၂၅ ခန်း စုစုပေါင်းပြခန်း ၄၀ ဖြစ်ပါတယ်။ ပြခန်းတွေ ဆောင်ရွက်တဲ့အခါမှာ နေပြည်တော်ကောင်စီအနေနဲ့ ရေ၊ မီး၊ အုပ်ချုပ်မှုကိစ္စ တွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးရပါတယ်။ အခုလို ဆောင်ရွက်ပေးတဲ့အတွက် အခုလို စည်စည်ကားကားနဲ့ အများပြည်သူတွေ လာရောက်ကြည့်ရှုနိုင်အောင်၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း တွေမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ကနေ အမှန်တစ်ကယ်ထွက်ရှိတဲ့ အစားအသောက်တွေကို မြည်းစမ်းနိုင်အောင် လာရောက်ရောင်းချရခြင်း ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေနဲ့ ဆက်စပ်ပြီးတော့ ကုမ္ပဏီတွေအနေနဲ့ ပြည်သူလူထုကို ဈေးနှုန်းချိုသာ တဲ့ ပစ္စည်းတွေကို ရောင်းချချင်တယ်လို့ပြောတဲ့အတွက် အရောင်းဆိုင်ခန်း ခုနစ်ခန်းလည်း ဖွင့်လှစ် ထားပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို စည်ကားသိုက်မြိုက်စေဖို့အတွက် အချိန်ကုန်၊ ငွေကုန်ခံပြီး ကျင်းပဆောင်ရွက်ပေးတဲ့အခါမှာ ကျွန်တော်တို့ကလည်း အများပြည်သူတွေက သိရှိလေ့လာနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ စီစဉ်ဆောင်ရွက်ပေးတဲ့နေရာမှာ ကျောင်းသား လူငယ်တွေ၊ မိဘပြည်သူတွေ လွယ်ကူအဆင်ပြေစွာ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ဖို့၊ ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့နဲ့ တိုင်းဒေသကြီး ပြည်နယ်က ထွက်ကုန်တွေကို လွယ်ကူစွာစားသောက် ရအောင် စီစဉ်ဆောင်ရွက်ထားပါတယ်။


ပြပွဲကြီး အောင်မြင်စွာကျင်းပနိုင်ဖို့ နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ပြင်ဆင်ရပါတယ်။ အများပြည်သူတွေ လာရောက်တဲ့အခါမှာ အခက်အခဲမရှိအောင် နေပြည်တော်အဆင့် ဌာနဆိုင်ရာတွေ၊ ဝန်ကြီးဌာန အဆင့် ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ဆောင်ရွက်တဲ့ အခါမှာလည်း အခက်အခဲမရှိပါဘူး။ အခက်အခဲမရှိတဲ့အပြင် ဆောင်ရွက်ပေးနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ အကြီးအကဲတွေနဲ့ ဆက်နွှယ်နေတဲ့ ဝန်ထမ်းတွေဟာ ဝမ်းပန်းတသာ ဂုဏ်ယူဝင့်ကြွားစွာဆောင် ရွက်ပေးနေပါတယ်။ ပြခန်းတွေ၊ ရိုးရာအစားအစာ စားသောက်ဆိုင်တွေအပြင် ညနေ ၆ နာရီခွဲကနေ ည ၉ နာရီအထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ အဖွဲ့ရဲ့ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့ ၁၅ ဖွဲ့၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဖျော်ဖြေရေးအဖွဲ့၊ အနုပညာဦးစီးဌာနက ဖျော်ဖြေရေးအဖွဲ့တွေကလည်း လာရောက်တဲ့ ပြည်သူများအပန်းဖြေကြည့်ရှုနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။


ပြပွဲကိုနံနက် ၉ နာရီကနေ ည ၉ နာရီခွဲအထိ ပြသထားပါတယ်။ အရင်နှစ်ကတော့ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ဂုဏ်ပြုယာဉ်များသာ ပြသနိုင်ပါတယ်။ ဒီနှစ်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ ၁၅ ဖွဲ့ရဲ့ ရိုးရာအစားအစာတွေကို အခုလိုစုံစုံလင်လင် ခမ်းခမ်းနားနားနဲ့ ရောင်းချပြီးတော့ ပြည်သူလူထုကို လာရောက်ပြီး လေ့လာစားသောက် နိုင်အောင်၊ အခြားအစားအသောက်တွေ၊ အဝတ်အထည်တွေကိုလည်း သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချနေပါတယ်။ နိုင်ငံတော်အစိုးရက စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုးပမ်းအားထုတ်ပြီး ရဟန်းရှင်လူပြည်သူများ ဗဟုသုတရနိုင်အောင် ပြခန်းတွေကို ဖွင့်လှစ်ပြသ ရခြင်းဖြစ်ပါတယ်။ အခုလက်ရှိ ကျောင်းသားလူငယ်များ၊ ဝန်ထမ်းများနဲ့ဒေသခံပြည်သူများ လာရောက် ကြည့်ရှုလေ့လာနေကြတာကိုလည်း တွေ့ရှိရတဲ့အတွက်ကြောင့် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။


ဦးတင်အေး (စီးပွားရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး)


ဂုဏ်ပြုယာဉ်မှာ ပထမဆုံးဆောင်ရွက်တာကတော့ တိုင်းဒေသကြီးက စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို အခြေခံပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ စပါးစတင်စိုက်ပျိုးတာကနေစပြီး တလင်းပျောက်စနစ်နဲ့ ရိတ်သိမ်းတဲ့အထိ ခေတ်မီအောင်လုပ်ထားပါတယ်။ နိုင်ငံခြားကို တင်ပို့နိုင်တဲ့အထိ ဆောင်ရွက်တဲ့ အဆင့် ၄ ဆင့်ကို သရုပ်ပြ ဆောင်ရွက်ပါတယ်။ ဂုဏ်ပြုယာဉ်ကို စတင်ဆောင် ရွက်စဉ်တုန်းက ဆုရရမယ်ဆိုပြီး မရည်ရွယ်ခဲ့ပါဘူး။ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း သေချာညွှန်ကြားပါတယ်။ သူရဲ့ညွှန်ကြားချက်တွေနဲ့အညီ အကောင်အထည်ဖော်လုပ်ဆောင်ရင်း ဂုဏ်ပြုယာဉ်ဟာ ပြည့်စုံမှုဖြစ်သွားတဲ့အတွက် နိုင်ငံတော်ကလည်း ပထမဆုကို ချီးမြှင့်တဲ့အတွက် တိုင်းဒေသကြီးကိုယ်စား ဂုဏ်ယူဝမ်းသာမိတဲ့အပြင် ဝန်ကြီး ချုပ်အတွက်လည်း ဝမ်းသာမိပါတယ်။


အခု ဂုဏ်ပြုယာဉ်မှာ ထည့်သွင်းပြသထားတာကတော့ MSME လုပ်ငန်းတွေဖြစ်တဲ့ နာမည်ကြီး ပုသိမ်ထီးလုပ်ငန်း၊ ချောင်းသာ၊ ငွေဆောင်၊ ငွေသောင်ယံကမ်းခြေကို တော်တော်များများ သိနေတဲ့အတွက် ကမ်းခြေကို လာရောက်အပန်းဖြေရင် ဘယ်လိုပျော်ရွှင်စရာလေး ဖြစ်မယ်ဆိုတာကိုလည်း သရုပ်ဖော်ထားပါတယ်။ ကြိမ်ထည်လက်မှုလုပ်ငန်းကိုလည်း ပြသထားပါတယ်။ ဧရာဝတီတိုင်းရဲ့ သဘာဝအလှတရားနဲ့ လုပ်ငန်းတွေကို ဖော်ပြပြီးတော့ အားလုံးသိအောင် တင်ပြထားပါတယ်။ ဧရာဝတီတိုင်းဂုဏ်ပြုယာဉ်ကို လာရောက်လေ့လာ မယ်ဆိုရင်လည်း အားလုံးကို နွေးထွေပျူငှာစွာ ကြိုဆိုလျက်ပါလို့ ပြောချင်ပါတယ်။         


ဦးဇော်လှိုင်ဝင်း (ညွှန်ကြားရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန)


ကျွန်တော်တို့ပြခန်းမှာဆိုရင် ဝန်ကြီးဌာနရဲ့မူဝါဒတွေ၊ ရည်မှန်းချက်တွေနဲ့အတူ အခြားအချက်အလက်တွေနဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်း ဆောင်ရွက်ချက်တွေကို ပြသထားပါတယ်။ ဦးစီးဌာနအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လမ်း၊ တံတား၊ ကျန်းမာရေး၊ အိမ်ရာဆောက် လုပ်ရေး၊ ရေရရှိရေး၊ မီးလင်းရေး၊ ဆိုလာနဲ့ ရေတင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဝေဝေဆာဆာ ပြသထားပါတယ်။ ပြခန်းမှာ တိုင်းရင်းသားပြည်သူတွေအတွက် အထောက်အကူပြုနိုင်အောင် ဘယ်လောက်ထိ ဆောင်ရွက်ထားတယ်ဆိုတာကို ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုကလစ်များ၊ ပုံစံငယ်များနဲ့ ပြသထားတဲ့အတွက် ပြပွဲကိုလာရောက်တဲ့ မိဘပြည်သူများအနေနဲ့ ဝင်ရောက်လေ့လာကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။


ဦးဌေးဝင်း (ဒုတိယညွှန်ကြားရေးမှူး၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန)


ပြခန်းမှာ ကျွန်တော်တို့ကျောင်းတွေရဲ့ လူငယ် သင်တန်းကျောင်းအဆင့်ဆင့်ကနေ တက္ကသိုလ်၊ ကောလိပ်တက်ရောက်သည်အထိ ပြသထားပါတယ်။ အသက်မွေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့သင်တန်းတွေ ဖွင့်လှစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးတာတွေကို ပြသထားပါတယ်။ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေးနဲ့ ပညာတတ် မြောက်ရေးကို ပြသထားပါတယ်။ သင်တန်းကျောင်းတွေကနေ ထုတ်လုပ်တဲ့ ပစ္စည်းတွေ၊ ကဏ္ဍအလိုက် သင်ကြားတဲ့ပစ္စည်းတွေကို ခင်းကျင်းပြသထား ပါတယ်။


ဒေါ်မိုးမိုးအေး ( ညွှန်ကြားရေးမှူး၊ အသေးစားစက်မှု လက်မှုဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန)


တိုင်းရင်းသားရိုးရာ အစားအစာရောင်းချတာနဲ့ ဒေသထွက်ကုန်ပစ္စည်းရောင်းချတဲ့ ပြည်ထောင်စုနယ်မြေဒေသထွက်ပစ္စည်းများ အရောင်းပြခန်းမှာ တာဝန်ယူထားပါတယ်။ နေပြည်တော် ရှစ်မြို့နယ် ကထွက်ရှိတဲ့ မြန်မာ့ရိုးရာအစားအစာတွေနဲ့ ဒေသထွက်ကုန်တွေကို ရောင်းချခြင်းအားဖြင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုက သိသွားတဲ့အပြင် လုပ်ငန်းရှင်များအနေနဲ့လည်း သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ကြော်ငြာပြီးသားဖြစ်သွားတယ်။ နေပြည်တော်မှာ ဒေသထွက်ကုန်တွေဖြစ်တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အခြေခံတဲ့ ထွက်ကုန်တွေကို အဆင့်မြှင့်တင်ပြီး စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ အများဆုံး တင်ထားပါတယ်။ ပြခန်းကို လာရောက်ဝယ်ယူ သူတွေအနေနဲ့ နေပြည်တော်ဒေသက စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ ထွက်ကုန်တွေကို တန်ဖိုးမြှင့်ထွက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနေတာကိုသိပြီး သူတို့ဒေသကို ပြန်ရောက်ရင် ဒါကိုအတုယူပြီး ပြန်လုပ်လို့ရသွားမယ်။ ဒီပွဲကိုလာရင်းနဲ့ နေပြည်တော်ဒေသမှာ ထွက်ရှိပြီး ကျန်တဲ့ဒေသမှာ မထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးဆောင်နိုင်ပါမယ်။


တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုက ရိုးရာဓလေ့ အစားအစာတွေ၊ ယဉ်ကျေးမှုတွေကို လေ့လာနိုင်မယ်။ ဝန်ကြီးဌာနအားလုံးက လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း သိရမယ်။ ပြည်သူလူထုအတွက် နိုင်ငံတော်က လူမှုစီးပွားဖွံ့ဖြိုးဖို့အတွက် ဘယ်လောက်ထိ အားထည့်ပြီး လုပ်ဆောင်နေတယ်ဆိုတာ ဒီပြပွဲလာတဲ့ ပြည်သူတွေလည်း သိရှိသွားမယ်။ ပြခန်းတွေ၊ ဂုဏ်ပြုယာဉ်တွေကနေ ပြည်သူတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှု ရှိအောင် အတုယူပြီး ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ အသိပညာဗဟုသုတရရှိသွားမှာပါ။ ကျွန်မတို့ ဦးစီးဌာနအနေနဲ့လည်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေဖို့ မျှော်မှန်းပြီးပညာရေးကို ဆုံးခန်းတိုင်အောင် သင်းကြားနိုင်ခြင်းမရှိတဲ့ လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့ ဒေသခံတွေရဲ့ တောင်းဆိုချက်အရ သင်တန်းပေါင်း ၃၁ မျိုးကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။


မောင်ဇော်ဇော်အောင် (အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်း)


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ စာလုံးဖော်သရုပ်ဆောင်တဲ့နေရာကနေ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ဥပ္ပါတသန္တိဘုရားကို သွားရောက်ဖူးမြော်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေတာကို သွားရောက်လေ့လာခဲ့ပါတယ်။ အခုက ဂုဏ်ပြုယာဉ် တွေလေ့လာပြီး ရခိုင်အစားအစာတွေကို ဝယ်စားခဲ့ပါတယ်။ အခုကတော့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ပြခန်းတွေနဲ့ ဝန်ကြီးဌာနပြခန်းတွေကို လေ့လာနေတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ အထင်ကရနေရာတွေကို ကိုယ်တိုင် ကိုယ်ကျသွားရောက် လည်ပတ်မယ်ဆို မသွားနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုအထင်ကရနေရာတွေကို တစ်နေရာတည်းမှာ အခုလိုမြင်တွေ့ရတော့ အလွန် ပျော်ရွှင်ရပါတယ်။ တိုင်းရင်းသားတွေရဲ့ နေထိုင် စားသောက်မှုပုံစံတွေကို တွေ့ရတော့ ဝမ်းသာပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြုပြခန်းတွေကို လေ့လာရတော့ သိချင်တာတွေလည်း သိရတယ်။ ဒီပြည်နယ်ကိုသွားရင် ဒီပြည်နယ်မှာ ဘာအစားအသောက်တွေရတယ်။ ဘယ်လိုနေထိုင် ရမယ်ဆိုတာလည်း ကောင်းကောင်းနားလည်သွားတယ်။ ပျော်စရာကောင်းပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်ရဲ့ အလှအပတွေနဲ့အသိပညာ ဗဟုသုတွေ ရတဲ့အတွက်ပြပွဲကို လာရောက်လေ့လာ လည်ပတ် ကြည့်ရှုကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)