NLD ဆိုတာ အနာဂတ်နိုင်ငံတော်မှာ မရှိသင့်တော့ပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD ဆိုတာ အနာဂတ်နိုင်ငံတော်မှာ မရှိသင့်တော့ပါ


တပ်မတော် ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ သက်တမ်းတလျှောက် NLD ဦးဆောင်သူများ ဖွဲ့စည်းထားတဲ့ CRPH, NUG က အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြတယ်။ CRPH, NUG ကို ဖွဲ့စည်းပြီးချိန်မှာ သူတို့ကို အားပေးထောက်ခံသူများနဲ့ PDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။ CRPH, NUG အဖွဲ့ဝင်များက လွတ်မြောက်နယ်မြေလို့ ခေါ်တဲ့ သူတို့ကို ငွေကြေးထောက်ပံ့ပေးပြီး မြှောက်ပေးနေတဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ပြီး လွတ်မြောက်နယ်မြေကနေ အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ သူတို့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေက ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကမ်းကုန်အောင် လုပ်ခဲ့ကြတယ်။

သူတို့ရဲ့ အပြောက တပ်မတော်ကို တော်လှန်တာ။ စကစ ကို ဖြုတ်ချဖို့လို့ ပြောနေကြပေမယ် နစက ကို ဦးဆောင်ဖွဲ့စည်းထားတဲ့ တပ်မတော်ကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မဟုတ်ဘဲ USDP ပါတီဝင်တွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ၊ သူတို့ပါတီဝင်မဟုတ်သော (သူတို့နဲ့အတူ ဆူပူအကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိသော) လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ယုတ်စွအဆုံး NLD ပါတီကို ထောက်ခံအားပေးသူပင် ဖြစ်လင့်ကစား ဆူပူအကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခြင်း မရှိသူတွေကိုလည်း သတ်ဖြတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်နှစ်တာဝန်လွှဲပြောင်းပေးခြင်းကို လက်ခံဆောင်ရွက်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက်ကြောင့် (၆)လ နှစ်ကြိမ် သက်တမ်းတိုးမြှင့် ဆောင်ရွက်ခဲ့ရပြီး (၂)နှစ်တာ ကာလ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

နစက သက်တမ်း (၂)တာအတွင်းမှာ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ KNU, KNLA, KKO, KIA, KNPP အစရှိသော လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် လမ်း၊ တံတား၊ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၀၀၀ ဝန်းကျင်ခန့် သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လမ်းစဉ်ဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးလို့ သတ်မှတ်ထားတဲ့ ဘာသာရေးအစွန်းရောက်များရဲ့ ရက်စက်ယုတ်မာမှုထက် အစပေါင်းများစွာ သာလွန်တယ်လို့ ပြောလို့ရပါတယ်။

နစက အစိုးရ တစ်နှစ်တာ သက်တမ်းအတွင်းမှာကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ NLD ပါတီကို ဖျက်သိမ်းရန် ရှိ/မရှိ အကြိမ်ပေါင်းများစွာ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ အမြင်ကပ်ဖို့ကောင်းလောက်အောင်ကို ကျွန်တော် မေးခဲ့ပါတယ်။ ဒါပေမယ့် အဖြေမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရပဲ ပြောပြော၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရပဲ ဆိုဆို NLD ပါတီဟာ ယနေ့အချိန်အထိ နိုင်ငံရေးပါတီများစာရင်းမှာ ရှိနေဖို့ အကြောင်းမရှိတော့ပါဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့တဲ့ နစက အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးထား ဆောင်ရွက်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဏာလွှဲပြောင်းရယူတဲ့ ကိစ္စကိုသာ အလေးထားပြီး အခြားသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မျက်ကွယ်ပြုထားသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ နစက အနေနဲ့ အဓိက တာဝန်ယူဆောင်ရွက်ရမှာက အကြမ်းဖက်နှိမ်နင်းရေး၊ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ နစက ရဲ့ ဆောင်ရွက်ချက်တွေက စီးပွားရေးကို အဓိကအလေးထားပြီး ဆောင်ရွက်ခဲ့တာမျိုးကို တွေ့ရပါတယ်။

နစက အစိုးရသက်တမ်းကာလအတွင်း ရုရှားနဲ့စီးပွားရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး အလေးထား လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရသလို တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ပြည်ပြေး ဝရမ်းပြေးတွေအနေနဲ့ ကမောက်ကမ ဖြစ်အောင် လုပ်သွားတဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေကိုလည်း ပြန်လည်တည့်မတ် ဆောင်ရွက်ခဲ့ရတာတွေဟာ အပြုသဘောဆန်တဲ့ တိုင်းပြုပြည်ပြု လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။

အထူးအားဖြင့် ပြည်သူတွေ အားမရနိုင်အောင် ဖြစ်ခဲ့ရတာကတော့ အကြမ်းဖက်နှိမ်နင်းရေးပဲ ဖြစ်ပါတယ်။ အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေးအပိုင်းမှာ သက်ညှာမှုတွေများလွန်းလို့၊ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်လှုပ်ရှားသူတွေအပေါ်မှာ သက်ညှာတာတွေ များလွန်းလို့ ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။ 

NLD အစွန်းရောက်များရဲ့ အကြမ်းဖက်လမ်းစဉ်ကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ မြို့တိုင်းမှာ တပ်မတော်အခြေစိုက်စခန်းတွေ ရှိနေပါလျက်နဲ့ တပ်မတော်အခြေစိုက်စခန်းတွေကို ပစ်ခတ်တိုက်ခိုက်တာမျိုး မဟုတ်ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အလစ်အငိုက် တိုက်ခိုက်သတ်ဖြတ်တယ်။ အဓိက အားဖြင့် USDP ပါတီဝင်တွေနဲ့ NLD အစိုးရရဲ့ ဘာသာရေးဖိနှိပ် စော်ကားမှုတွေအပေါ် အစဉ်သဖြင့် ဆန့်ကျင်ခဲ့ကြတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တယ်။ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ချိန်မှာ ဆရာ/ဆရာမ၊ ပညာရေးဝန်ထမ်းတွေကို သတ်ဖြတ်တယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက တော်လှန်ရေးမှာ ဆရာတော် သံဃာတော်များ မပါဝင်ရကောင်းလား ပြစ်တင်ဝေဖန် ပြောဆိုမှုတွေ လုပ်လာတယ်ဆိုရင်ပဲ သံဃာတော်တွေ သတ်ဖြတ်ခံရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တယ်။ ယခု အခါမှာတော့ ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးဖို့ ပစ်မှတ်ထား လှုံ့ဆော်မှုတွေကို တွေ့မြင်လာရပါတယ်။

တိုင်းပြည်ကို ဦးဆောင်သူတွေ၊ ဦးဆောင်လိုသူတွေ အနေနဲ့ NLD ပါတီရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူများအနေနဲ့ ပြည်သူကို ပါးစပ်ဖျားက မချ ပြောပြီး သူတို့ကို ထောက်ခံတဲ့ ပြည်သူကို အကြမ်းဖက်သမားအဖြစ် အသုံးချတယ်။ သူတို့ကို မထောက်ခံတဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်ခိုင်းတယ်။ အဲဒီလောက်အထိ ရိုင်းစိုင်းယုတ်မာရက်စက်တဲ့ ပါတီ ရှိနေခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ကောင်းကျိုးရလာဒ်တွေ ဘာများထွက်ပေါ်လာစရာ အကြောင်းရှိမလဲ။ 

နိုင်ငံတော်ကို ဦးဆောင်သူတွေ၊ နိုင်ငံတော်ကို ဦးဆောင်လိုသူတွေအနေနဲ့က စာရွက်ပေါ်မှာ အာဏာခွဲဝေရေး လုပ်နေကြတယ်။ ပြည်သူတွေ တကယ်လိုလားတာက တိုင်းပြည်ကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးနိုင်သူ၊ အဂတိလိုက်စားမှု နည်းပါးပြီး အမှုအခင်းတွေမှာ မှန်ကန် မြန်ဆန်စွာ စီရင်ဆုံးဖြတ်ပေးနိုင်တဲ့ အစိုးရမျိုးကို လိုလားတောင်းတကြတာ ဖြစ်ပါတယ်။

နစက အနေနဲ့ အလေးထားဆောင်ရွက်မှု အပိုင်းတွေမှာ NLD အစွန်းရောက်တွေ ကမောက်ကမဖြစ်အောင် လုပ်သွားတဲ့ အခြေအနေကြောင့် ယန္တရားကိုလည်း ချော့မြှူထိန်းသိမ်းခဲ့ရတဲ့အခြေအနေ ရှိခဲ့ပါတယ်။ ချော့မြှူထိန်းသိမ်းခဲ့ရတဲ့ အခြေအနေမှာ ဥပဒေလက်တစ်လုံးခြား ဆောင်ရွက်မှုတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအကြား ပူးပေါင်းဆောင်ရွက်ပြီး NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုအပေါ်က ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေကိုလည်း ထိန်းကျောင်းတည့်မတ်နိုင်မှု အားနည်းခဲ့ပါတယ်။ 

NLD ဦးဆောင်သူများက သူတို့ရဲ့ မဲလိမ်မဲခိုးမှုက စလို့ တိုင်းပြည်ဘဏ္ဍာကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့ အလွဲသုံးစား လုပ်ခဲ့တဲ့ လုပ်ရပ်မှန်သမျှကို လိမ်ညာ ဖုံးကွယ်ပြီး အလုံးစုံ ပျက်သုဉ်းရေးကို လုပ်ဆောင်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ နစက တာဝန်ရှိူများရဲ့ သည်းခံနိုင်မှု၊ သဘောထားကြီးမှုကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုး အနိဋ္ဌာရုံတွေကတော့ ယနေ့တိုင်အောင် NLD အစွန်းရောက်များက PDF အမည်ခံပြီး အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။

ထပ်မံ၍ အထူးသတိပေး တိုက်တွန်းလိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဝန်ထမ်းများဟာ NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများရဲ့ ပစ်မှတ် ဖြစ်လာပါပြီ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဝန်ထမ်းများအနေနဲ့ ပေါ့ဆမှုကြောင့်၊ သတိလက်လွတ် PDF အကြမ်းဖက်သမားများရဲ့ သားကောင် ဖြစ်ရမှာမျိုးကို လုံးဝ မလိုလားပါဘူး။ လုံးဝ မဖြစ်သင့်ပါဘူး။ သံဃာတော်တွေ၊ ဆရာ/ဆရာမတွေ၊ အပြစ်မဲ့ ပြည်သူတွေ များစွာ ရင်းနှီးပေးဆပ်ခဲ့ရပြီး ဖြစ်တဲ့အတွက်ကြောင့် နောက်ထပ် NLD အစွန်းရောက်တွေရဲ့ ရက်စက်ယုတ်မာမှုဘေးအန္တရာယ် ကို ဘယ်သူမှ မကြုံတွေ့စေလိုတော့ပါဘူး။

နိုင်ငံတော်မှာ လောကပါလတရား ထွန်းကားစေရန် တည်ဆောက်နေသော ခေါင်းဆောင်များ ဖြစ်ပါမူ လောကပါလတရားကို ဖျက်ဆီးနေသူများအား မြန်မာ့နိုင်ငံရေးတွင် အခွင့်ထူးခံအဖြစ် မထားသင့်တော့ပါ။

(လောကကို စောင့်ရှောက်သော တရား)

၁။ ဟိရီ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း။

၂။ ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊ မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း။

မကောင်းမှု မှန်သမျှကို ကျူးလွန်ရန် ရှက်ခြင်း၊ ကြောက်ရွံ့ခြင်းမရှိသော သူများ၏ ဦးဆောင်မှုကြောင့် တိုင်းပြည်တွင် အနာဂတ်မျိုးဆက်သစ် လူငယ်များစွာ လမ်းမှားရောက်ခဲ့ရပြီ မဟုတ်ပါလား။ ထိုသို့ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖျက်ဆီးခြင်းခံရသော တိုင်းပြည်ကို ပြန်လည်နလန်ထူဖို့ကိုပင် များစွာ ကြိုးပမ်းရပေလိမ့်မည်။ အလုံးစုံ ပျက်သုဉ်းရေးကို ဖော်ဆောင်ခဲ့သော NLD ကဲ့သို့သော ပါတီမျိုး ရှင်သန်နေခြင်းက တိုင်းပြည်အနာဂတ်အတွက် ခြိမ်းခြောက်မှု တစ်ခုပင် ဖြစ်သည်။ ထိုသို့သော ပြည်ပသြဇာခံ နိုင်ငံရေးလုပ်စားသူ အဖျက်သမားများကြောင့် တိုင်းပြည်မှာ ရှေ့မတိုးသာဘဲ အကြိမ်ကြိမ်အခါခါ တစ်က ပြန်စနေရမည်သာ ဖြစ်ပါသည်။ တိုင်းပြည်ကို ဦးဆောင်သူများ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မျက်နှာသာမပေးဘဲ ပြည်သူတို့၏ နောင်ရေးကိုသာ အစဉ်တွေးရှု၍ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်အန္တရာယ် ဟူသမျှကို ရှင်းလင်းဖယ်ရှားရန် တာဝန်ရှိသူမှာ တာဝန်ရှိသည့်အလျောက် တာဝန်သိစိတ်ဓာတ်ဖြင့် ရှင်းလင်းဖယ်ရှားခြင်း အားဖြင့် တိုင်းပြည်၏ အနာဂတ်ကို လှပအောင် ပုံဖော်ကြပါ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)