MNP - ဖေဖော်ဝါရီ ၂၅
သာသနာတော်နှစ် -၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် - ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း(၇)ရက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်၊ စနေနေ့ နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့နယ်ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး အာရုဏ်တော်ခံဝတ်အသင်းတန်ဆောင်း၌ အကြိမ်(၄၀)မြောက် ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓာတ်တော်မြတ်များပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး ရှေ့ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓာတ်တော်မြတ်များပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးကျော်စိုးနှင့် ပွဲတော်ကျင်းပရေးဥက္ကဋ္ဌ ဦးမြင့်စိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဗုဒ္ဓစွယ်တော်မြတ်အပူဇော်ခံဖွင့်ပွဲဆိုင်ရာ ရှစ်ဆယ်ပေါ်တေးထပ်အား ရွတ်ဆိုပူဇော်ခြင်း၊ ဗုဒ္ဓစွယ်တော်မြတ်အား ကြုတ်တော်အတွင်းမှ စက်ခလုတ်နှိပ်၍ ပင့်ဆောင်ခြင်း၊ ဝါးခယ်မမြို့ မင်းကျောင်းစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရမှရေးဖွဲ့သော ဗုဒ္ဓစွယ်တော်မြတ်အား အပူဇော်ခံကျောင်းဆောင်ပေါ်သို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်ခြင်းဂါထာအားရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်ကြီးများမှ ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓာတ်တော်မြတ်တို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment