MNP - ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြိုင်းတောင်အုပ်စု ပြိုင်းတောင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဆင့်မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ရခိုင်မင်္ဂလာစည်တော်တီးပြီး ပြည်နယ်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်းလှိုင် ၊ခရိုင်ပညာရေးရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းလှိုင် နှင့် မြို့နယ်ပညာရေးမှူး ဦးအေးသိန်းတို့က ကျောင်းဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက်ပြည်နယ်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်းလှိုင် ၊ခရိုင်ပညာရေးရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းလှိုင် နှင့် မြို့နယ်ပညာရေးမှူး ဦးအေးသိန်း တို့က အမှာစကားပြောကြားပြီး တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးလှထွန်းမြင့်က ကျောင်းသမိုင်းအကြောင်းကိုရှင်းလင်းပြောကြား၍ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြသည်။
ဖွင့်ပွဲသို့ပြည်နယ်၊ခရိုင်၊ မြို့နယ်ပညာရေးဝန်ထမ်းများ ၊ဆရာ ဆရာမများ၊မိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စုံညီစွာ တက်ရောက်အားပေးကြသည်။ထို့ပြင် အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က စာရေးဆရာ ဗဂျီးကျော် နှင့် စာရေးဆရာ ဝေဟင်အောင် တို့က စာပေဟောပြောခဲ့ကြောင်းသိရသည်။
"ကျွန်တော်တို့ဒေသဟာ တစ်ချိန်က ပညာရေးမကောင်ခဲ့ပါဘူး ၊ ခုတော့ အခြေခံပညာ အထက်တန်း ကျောင်းအဆင့်တိုးပေးတော့ဒေသပညာရေးတိုးတက်လာမယ်လို့ မျှော်လင်းပါတယ် "ဟု ပြိုင်းတောင်ကျေးရွာ ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၅၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ် ကြောင်း၊ အခြေခံပညာ အထက်တန်း(ခွဲ)အဆင့်မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်တိုးမြှင့်ခြင်းကို ၂၀၂၂ ခုနှစ်တွင်လည်းကောင်း၊ ယနေ့တွင် KG တန်းမှ Grade -11 တန်းထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၂၄ ဦးခန့်တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment