လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း)သင်တန်း အမှတ်စဉ် (၄၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း)သင်တန်း အမှတ်စဉ် (၄၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP  -   ဖေဖော်ဝါရီ ၆

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း) သင်တန်းအမှတ်စဉ် (၄၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက နိုင်ငံတော်တည်ဆောက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများတိုးပွားစေရန် ရည်ရွယ်ပြီး စာရင်းပညာရပ်ဆိုင်ရာသင်တန်းများကိုမြန်မာနိုင်ငံ စာရင်းကောင်စီကကြီးမှူး၍ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အရေအတွက်သာမက အရည်အသွေး ပြည့်ဝစေ‌ရေးအတွက် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမှုပုံစံများ ပြောင်းလဲကျင့်သုံး၍ ၁၉၇၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်မှာ ယခုသင်တန်းအပတ်စဉ်(၄၇)အထိ ရောက်ရှိပြီဖြစ်ပါကြောင်း၊ လက်မှတ်ရပြည်သူ့ စာရင်းကိုင်သင်တန်းသည် ဘွဲ့လွန်ပညာရှင်အဆင့် (Post-Graduate Professional) နှစ်နှစ် သင်တန်းဖြစ်ပြီးသင်တန်း(ဒုတိယပိုင်း) စာမေးပွဲအောင်မြင်၍ သတ်မှတ်စာရင်းကိုင် အလုပ်သင်လုပ်သက်ပြည့်မြောက်ပြီးသူများကို “စာရင်းပညာရှင် (ပထမအဆင့်)” အဖြစ်သတ်မှတ်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းတစ်ခုဖြစ်သဖြင့် သင်တန်းသားများအတွက် ကနဦးခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း။


သို့ပါ၍ သင်တန်းသားများအနေဖြင့် ကထိကများ၏ပို့ချမှုများအပြင် မိမိကိုယ်တိုင်လေ့လာဆည်းပူးခြင်း (Self-Study)နှင့် သင်တန်းစည်းကမ်းများကို မိမိအသိစိတ်ဖြင့် ကိုယ်တိုင်စောင့်ထိန်းလိုက်နာခြင်း (Self-Discipline) စသည့် အလေ့အကျင့်ကောင်းများဖြင့် မိမိကိုယ်မိမိယုံကြည်မှု (Self-Confidence)ရှိရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စာရင်းပညာအရည်အသွေးတိုးတက်စေရန်နှင့် နိုင်ငံတော်ကအားထားရသည့် စာရင်းပညာရှင်များဖြစ်လာစေရန် သင်တန်းကာလတစ်လျှောက် ဇွဲ၊ လုံ့လ၊ ဝီရိယရှိစွာဖြင့် ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။


သင်တန်းသား ၁၄၅ ဦး တက်ရောက်


အဆိုပါ သင်တန်းသို့ နေပြည်တော်ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၌ ၆၃ ဦး၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစာရင်းကောင်စီရုံး ရန်ကုန်သင်တန်းကျောင်း၌ ၈၂ ဦး စုစုပေါင်းသင်တန်းသား ၁၄၅ ဦးကို သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ၁၁ လ ကြာ စာသင်ခန်းတက်ရောက် (Face to Face) ဖြင့် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သည်။


သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမမှလည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်အသင်းနှင့် ရန်ကုန်သင်တန်းကျောင်းမှ တာဝန်ရှိသူများက Online ဖြင့်လည်းကောင်း တက်ရောက်ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)