ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်


MNP  -    ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုတက်ရေး ဗဟိုကော်မတီ၏လုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး လုပ်ငန်းကော်မတီဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် အဖွဲ့ဝင်သုံးဦးတို့က Virtual စနစ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့မှ တက်ရောက်ကြသည်။


ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီကို စုစုပေါင်းအဖွဲ့ဝင် ၁၃ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား တည်ဆဲဥပဒေဖြစ်သည့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီစိစစ်၍ ၎င်းတို့၏နိုင်ငံသားဖြစ်တည်မှု အရည်အချင်းအရကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ယခုလည်းပန်းခင်းစီမံချက်ဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


ပြန်လည်လက်ခံရေး ဆောင်ရွက်သွားမည်


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ကျင်းပသည့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယအကြိမ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား Pilot Project ဖြင့် လျာထားဆောင်ရွက်နိုင်ရေးဆုံးဖြတ်ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းများပေးပို့ခဲ့ပါကြောင်း၊ ၂၀၂၁/၂၀၂၂ ခုနှစ်တွင် ထပ်မံမွေးဖွားသည်ဟု ယူဆရသူ မွေးတိုးကလေးများအား MoU တွင်ပါရှိသည့်အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးမှမှန်ကန်ကြောင်း ထောက်ခံချက်ပါရှိမှသာ ပြန်လည်လက်ခံနိုင်မည်ဖြစ်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆွေးနွေးပြောကြားပေးပို့ခဲ့ပါကြောင်း၊ Pilot Project ဖြင့် လက်ခံမည့်သူများအား မျက်မြင်ကြည့်ရှုစစ်ဆေးနိုင်ရန် မျက်မြင်စစ်ဆေးရေးနေရာအဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှအဆိုပြုနေရာအား သတ်မှတ်ကာ ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြန်လည်လက်ခံရေးကိစ္စရပ်များကို ယခုအစည်းအဝေးတွင်ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ယင်းတို့၏မျက်မြင်စစ်ဆေးတွေ့ရှိ ချက်များကိုလည်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီမှတစ်ဆင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး ဗဟိုကော်မတီ၏ အတည်ပြုချက်ရရှိမှသာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စတုတ္ထအကြိမ် ပေးပို့သည့်စာရင်းများတွင် ဟိန္ဒူများလည်းပါဝင်၍ ၎င်းတို့ကိုလည်း Pilot Project တွင် စိစစ်၍ ပြန်လည်လက်ခံနိုင်ရေးလျာထားပါကြောင်း၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် တောင်ပြိုလက်ဝဲနှင့် ငါးခူရပြန်လည်လက်ခံရေးစခန်း နှစ်ခုဖွင့်လှစ်ထားရှိပြီးကုန်းလမ်းကြောင်းမှ ဝင်ရောက်လာသူများအတွက် တောင်ပြိုလက်ဝဲမှလည်းကောင်း၊ ရေလမ်းကြောင်းမှ ဝင်ရောက်လာသူများအတွက် ငါးခူရမှလည်းကောင်း ပြန်လည်လက်ခံဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများစုဖွဲ့၍ အသုံးပြုမည့်လုပ်ငန်းသုံးပုံစံများ၊ စက်ပစ္စည်းများ ပြည့်စုံစွာဖြည့်တင်းထားရှိပြီး စခန်းအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များအပေါ်မူတည်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် လုပ်ငန်းဆိုင်ရာဆောင်ရွက်မှုများနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း အကြံပြုညှိနှိုင်းဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်က လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် အချက်အလက်များ တိုက်ဆိုင်စိစစ်ဆောင်ရွက်မှုအခြေ အနေများကိုလည်းကောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း က ရခိုင်ပြည်နယ်အတွင်းနိုင်ငံသားစိစစ်ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ဆွေးနွေးတင်ပြ


ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် လုပ်ငန်းကော်မတီဝင်များ၊ ရခိုင်ပြည်နယ်စစ်တွေမြို့မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည့် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ယခု Pilot Project ဖြင့် ပြန်လည် လက်ခံမည့်လုပ်ငန်းစဉ်နှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။


ထို့နောက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်သည့် ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကာ အတည်ပြုချက်ရယူပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။  


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)