ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဌာန၏လုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့်အတွက် ဂရုတစိုက် အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဌာန၏လုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့်အတွက် ဂရုတစိုက် အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြား


MNP   -   ဖေဖော်ဝါရီ ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများကို တွေ့ဆုံရာ ရခိုင်ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြည်နယ်အတွင်း ဌာန၏ရည်မှန်းချက် တာဝန်များ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်နှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ကောက်ယူရရှိသည့် အိမ်ထောင်စုစာရင်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရခိုင်ပြည်နယ်အနေဖြင့် ပန်းခင်းစီမံချက် အဆင့်(၁) ကို ရာနှုန်းပြည့် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်သကဲ့သို့ အဆင့်(၂)ကိုလည်း ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းအရရရှိလာသည့် အိမ်ထောင်စု အချက်အလက်များ ကို e-ID software ဖြင့် ချိတ်ဆက်ကာ အချက်အလက် ပြင်ဆင်ဖြည့်စွက်၊ အတည်ပြုခြင်းလုပ်ငန်းကိုလည်း ယခုလအတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ လျှပ်စစ်မီးနှင့် အင်တာနက် အခက်အခဲရှိသည့် မြို့နယ်များ၏ အိမ်ထောင်စု စာရင်း အချက်အလက်များကို ပြည်နယ်ဦးစီးမှူးရုံး၌ စုစည်းကာ သတ်မှတ်ကာလအတွင်း စိစစ်အတည်ပြုနိုင်ရေးအတွက် ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီသို့ တင်ပြဆောင်ရွက်ရန်လိုကြောင်း၊ ယင်းစာရင်း အချက်အလက်များ ဖြည့်သွင်းအတည်ပြုပြီးမှသာ မှန်ကန်သည့် လူဦးရေစာရင်းကို ထုတ်ပြန်နိုင် မည်ဖြစ်သည့်အတွက် အားလုံးက အလေးထား ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။


နိုင်ငံသား စိစစ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း မှတ်တမ်းမှတ်ရာများ စနစ်တကျ တိုက်ဆိုင်ကာ ဥပဒေနှင့်အညီ ရသင့်သည့်သူများအား ကြန့်ကြာမှုမရှိစေရေးအတွက် စိစစ်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ မရသင့်သည့်သူများအား မှားယွင်းထုတ်ပေးခြင်း မရှိစေရေးအတွက် အဆင့်ဆင့်စိစစ်ကြီးကြပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယာယီနေရပ်စွန့်ခွာ စခန်းများ၌ ရောက်ရှိနေထိုင်သူများ၏ နိုင်ငံသားကတ်ပြား စိစစ်ထုတ်ပေးခြင်း လုပ်ငန်းများကို လည်း မြို့နယ်ရုံးအချင်းချင်းချိတ်ဆက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကိုလည်း စီမံချက်ပါအတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူရန် ဆောင်ရွက်လျက်ရှိရာ ရခိုင် ပြည်နယ်အနေဖြင့် ဆောင်ရွက်ရမည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန်လိုကြောင်း၊ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏လုပ်ငန်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် သက်ဆိုင်သည့် အတွက် ဂရုတစိုက်အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း အကျယ့်တဝင့် ရှင်းလင်းပြော ကြားပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)