၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်


MNP   -    ဖေဖော်ဝါရီ ၂၅

၂၀၂၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က တိုင်းဒေသကြီးအားကစားနှင် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် မြို့နယ်အသီးသီးမှ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ပြိုင်ပွဲဝင်အားကစားသမားများနှင့် အုပ်ချုပ်သူ နည်းပြများကိုယ်စား စစ်ကြောင်းမှူးက ပြိုင်ပွဲဖွင့်လှစ်ပေးရန် တန်းအပ်ခြင်းဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမားကြံခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊ ဖွံ့ဖြိုးပြီးဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ထူးချွန်သော မျိုးဆက်သစ် ဖူဆယ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် တိုင်းဒေသကြီး လက်ရွေးစင် ဖူဆယ်အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး မြို့နယ်ပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဖူဆယ်အားကစားနည်းသည် တစ်ဦး၊ တစ်ယောက်ကောင်း ကစား ရသည့် အားကစားနည်းမျိုးမဟုတ်ပဲ အသင်းလိုက်စုစည်းပြီး တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားရသော အားကစားနည်းဖြစ်ကာ လူအနည်းငယ်နှင့်စုဖွဲ့ယှဉ်ပြိုင် ကစားရသည့် အားကစားနည်းဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ လူငယ်တိုင်းနီးပါး စိတ်ပါဝင်စားသည့် အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှတွင် ယှဉ်ပြိုင်ရသည့် အားကစား နည်းများတွင် မြန်မာ့ဖူဆယ်အားကစားသည် အဆင့်အတန်းတစ်ခုတွင် ရှိနေပြီး နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဖူဆယ်အားကစားနည်းကို ဆက်လက်အောင်မြင်မှုများရရှိစေရေး ရေရှည်အစီအမံ များချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် အားကစား ပြိုင်ပွဲများတွင် တခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအောက်မကျပဲ အဆင့်အတန်းတစ်ခုတွင်ရှိပြီး (၁၆)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင်လည်း တံခွန်စိုက်ဒိုင်းဆုကြီးအား ရရှိခဲ့ပါကြောင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း အောင်မြင်မှုရရှိရန်အတွက် တရားသောယှဉ်ပြိုင်ခြင်း ဖြင့် အနိုင်ရရှိရမည်ဆိုသည့် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် (၄) ချက်အား ရွတ်ဆိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ထို့နာက် ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး အုပ်စုပွဲစဉ်အဖြစ် ချောက်မြို့နယ် အသင်းနှင့် အောင်လံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ချောက်မြို့နယ်အသင်းမှ (၅) ဂိုး (၃) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ၂၀၂၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို (၂၄.၂.၂၀၂၃) ရက်နေ့မှ (၂၈.၂.၂၀၂၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၁၇) သင်းဖြင့် ပါဝင်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။


ကိုစည်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)