သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရဦးစီးမှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့ ပြင်ဦးလွင်မြို့တွင် “သီတဂူဆန်ချီစေတီတော်” ထီးတော်တင်လှူပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရဦးစီးမှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့ ပြင်ဦးလွင်မြို့တွင် “သီတဂူဆန်ချီစေတီတော်” ထီးတော်တင်လှူပူဇော်





MNP   -   ဖေဖော်ဝါရီ ၁၉

သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရဦးစီးမှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာရှိ “သီတဂူ ဆန်ချီစေတီတော်” တည်ထားမှုအား ထီးတော်တင်လှူ ပူဇော်ကြသည်။


ငါးပါးသီလခံယူဆောက်တည်


ရှေးဦးစွာ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြသည်။


ထို့နောက် သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။


ပင့်ဆောင်ပူဇော်


ဆက်လက်၍ သီတဂူဆန်ချီ စေတီတော်တွင် တင်လှူပူဇော်မည့် ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို အလှူရှင်များနှင့် တက်ရောက်လာကြသူများက လက်ယာရစ် သုံးပတ် ပင့်ဆောင်ပူဇော်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို ဦးစီးသည့်အလှူရှင်များက သီတဂူဆန်ချီစေတီတော်အား ထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို တင်လှူပူဇော်ကြပြီး နံ့သာရည်များ ပက်ဖျန်းကာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။


နံ့သာရည်ပက်ဖျန်း


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကို၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က မဟာဗောဓိညောင်ပင် သုံးပင်နှင့် မဟာဗောဓိ လင်းလွန်းပင် တစ်ပင်တို့ကို အင်္ဂါထောင့်မှစ၍ စိုက်ပျိုးပူဇော်ပြီး နံ့သာရည် ပက်ဖျန်းပေးကြသည်။


ဆက်လက်၍ သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များက ဘုရားအနေကဇာတင် ရွတ်ဖတ်ပူဇော်ကြသည်။


ငွေပဒေသာပင်များလှူဒါန်း


ထို့နောက် အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော် သံဃာတော်များထံ ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုက ငွေကျပ်သိန်း ၂၀၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၅၀၊ ဒေါ်ဒီပက်ရာထေရီက ငွေကျပ် သိန်း ၆၀၊ တော်ဝင် ဦးကိုကိုထွေး မိသားစုက ငွေကျပ် သိန်း ၄၀၊ မောရိယမန်းဆေး မိသားစုက ငွေကျပ် သိန်း ၂၀ အပါအဝင် အလှူရှင်များက ငွေပဒေသာပင်များလှူဒါန်းကြကာ ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များထံမှ အနုမောဒနာတရား နာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။


ယင်းနောက် သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးမောင်ကိုနှင့် ဧည့်ပရိသတ်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် သီတဂူဆန်ချီစေတီတော် ထီးတော်တင် မင်္ဂလာအခမ်းအနားကို သီတဂူအဓိဋ္ဌာန်သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းလိုက်သည်။


ဆက်လက်၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အောင်မြင်စွာကျင်းပ


သီတဂူဆန်ချီစေတီတော်ကြီးအား အိန္ဒိယနိုင်ငံဆန်ချီမြို့အနီးတွင် အေဒီ ၃ ရာစုအတွင်း အာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ဆန်ချီစေတီတော်ကြီးပုံစံဖြင့် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရဦးဆောင်၍ အလှူရှင်များစုပေါင်းပြီး ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာရှိ မြေဧရိယာ ၂ ဒသမ ၁၉ ဧကပေါ်တွင် ၂၀၂၂ ခုနှစ် မေ ၉ ရက်က မြေသန့်ပန္နက်တင်ကာ ၂၀၂၂ ခုနှစ် မေ ၁၄ ရက် (ကဆုန်လပြည့်နေ့) က အုတ်မြစ်တော်စီ မင်္ဂလာပြုလုပ်၍ စေတီတော်ရင်ပြင်အမြင့် သုံးပေပေါ်၌ စေတီတော်ဉာဏ်တော်အမြင့် ၃၇ ပေ ဖြင့် ကိုးလကြာ တည်ထားကိုးကွယ်ခဲ့ရာ ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ထီးတော်တင်လှူ ပူဇော်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြစ်သည်။


စေတီတော်အတွင်း၌ “မာရဝိဇယ” ဘွဲ့တော်ဖြင့် မဟာဗောဓိ ကြေးသွန်းဆင်းတုတော်ကြီးနှင့် အတူ အစောဆုံးဆင်းတုတော်ဖြစ်သော အေဒီ ၁ ရာစုခန့်က ထုလုပ်ကိုးကွယ်ခဲ့သည့် အိန္ဒိယနိုင်ငံ မထူရာခေတ် ဆင်းတုတော်ပုံစံ အပါအဝင် အေဒီ ၁၉ ရာစုခန့် ရတနာပုံ ခေတ်လက်ရာ ဆင်းတုတော်အထိ နိုင်ငံစုံမှ ဆင်းတုတော်ပုံစံ မျိုးစုံ ၃၂ ဆူဖြင့် ထည့်သွင်း ထုလုပ်ပူဇော်ထားပြီး စေတီတော်တစ်ခုလုံးအတွက် ငွေကျပ်သိန်း ၆၀၀၀ ကျော် အသုံးပြုထားကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)