MNP - ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ၊ လမ်းတံ တားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအား ကွင်းဆင်း ကြည့် ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာအနီး၌ ငါးလုပ်ငန်းဦးစီးဌာန၏ ပေါက်တောမြို့နယ်၊ စိုးမဲကျီ(ပြောင်းရွှေ့) အောင်တိုင်ရေငန်ပုစွန်သားပေါက်စခန်းသို့ သွားရောက်ပြီး ပုစွန်သားပေါက်များ ပိုမိုထုတ်လုပ်နိုင်ရန်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစဉ် ငါးလုပ်ငန်းဦးစီးဌာန၊ အောင်တိုင် ပုစွန်သားပေါက်စခန်းတာဝန်ခံ ဦးမိုးဆွေက ပုစွန်မွေးတောင်သူများအတွက် လိုအပ်လျက်ရှိသော အရေအသွေးပြည့်ဝသည့် ရေငန်ပုစွန်သားပေါက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး၊ ကျေးလက်ဒေသများတွင် တပိုင်တနိုင်သားပေါက် ထုတ်လုပ်လာနိုင်ရေးအတွက် နည်းပညာများ ဖြန့်ဖြူး ပေးနေမှုအခြေအနေများ၊ သားပေါက်စခန်းအတွင်း ပုစွန်သားပေါက်နေမှုနှင့် ထပ်မံတို့ချဲ့ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့က ဖြည့်စွက်ရှင်း လင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သားဖောက်စခန်းအတွင်း ပုစွန်သားပေါက်ကန်များတွင် သားပေါက်ထားရှိမှု၊ ပိုးသတ်ကန်နှင့် မျိုးဖောက်ဆောင်အတွင်း မျိုးဖောက်ရန် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ စခန်းတာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးတို့က လိုက်လံရှင်းလင်းပြသကြသည်။ အောင်တိုင်ရေငန်ပုစွန်သားပေါက်စခန်းတွင် သားပေါက်ထုတ်လုပ်မှုမှာ ကောင်ရေ ၆ သန်းခန့်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာ၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(၅)၊ ရခိုင်ပြည်နယ်မှ စစ်တွေ - ပလ္လင်ပြင်လမ်း၊ ကွန်ကရစ်လမ်းခင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးထွန်းလင်းမော်က ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး သက်လွင်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုလမ်းမှာ ကျေးရွာ(၁၄) ရွာကိုဆက်သွယ်ထားသော မဟာဗျူဟာကျသည့် ကျေးလက်လမ်းဖြစ်ခြင်းကြောင့် ကျေးလက်နေပြည်သူများအတွက်လည်းများစွာ အထောက်အကူပြုမည်ကြောင်း၊ ထို့ကြောင့် လမ်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်ချက်များရှိပါကလည်း ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးကြစေလိုကြောင်း ပြောကြားကာ ကွန်ကရစ်လမ်းခင်းနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း၊ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ခိုင်က ရခိုင်ပြည်နယ်အတွင်း မြို့နယ်များ၊ မြို့များ၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိမှု၊ သုံးစွဲမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများ တည်ရှိမှုအခြေအနေ၊ ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဆောင်ရွက်ဆဲ လျှပ်စစ် ဓာတ်အားပေးစီမံကိန်းများ၊ ရခိုင်ပြည်နယ် အတွင်းဆောင်ရွက်ရန်လျာထားသည့် လေအားလျှပ်စစ် ဓာတ်ပေးစီမံကိန်းများ၊ မာန်အောင်မြို့နယ်တွင် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ ဓာတ် အားဖြန့်ဖြူးပေးနိုင်ရေးလျာထားစီမံကိန်းတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်သူကို ဝန်ဆောင်မှုပေးနေသည့်ဌာနဖြစ်သည့်အတွက် ပြည်သူများပြည်သူများ၏ လိုလားချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုးတက်လာသည့်ခေတ်စနစ်နှင့်အညီ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ပိုမိုများပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဝန်အားလျှော့ချမှုများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲနိုင်ရေး၊ LED မီးသီးများ၊ မီးချောင်းများ အစားထိုး သုံးစွဲနိုင်ရေး ပညာပေးဟောပြောပွဲများ၊ အစီအမံများ ရေးဆွဲ၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့အတူ လုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့်လည်း ဆိုလာမီးများ၊ လေအား လျှပ်စစ်မီးများသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းများအပေါ်တွင် စေတနာထားကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်းသိသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃) သို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ခရိုင်(၇)ခုနှင့် မြို့နယ်(၁၇)မြို့နယ်တို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များလည်း ဖွဲ့စည်းဆောက်ရွက်ပြီးဖြစ်သဖြင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ချမှတ်ပေးသည့် လုပ်ငန်းတာဝန်များကို ရလဒ်ကောင်းများရရှိစေရေးအတွက် လက်တွေ့ကျသည့် ပညာပေး၊ စစ်ဆေး၊ အရေးယူမှုများကို ဟန်ချက်ညီညီအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်မည့် အစီအမံများအား အကြံပြုဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအလိုက် တင်ပြသည့် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ကြရန် နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment