MNP - ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့အောင်သစ္စာကျောင်းတိုက်ရှိ တည်ထားလျက်ရှိသော အောင်သိဒ္ဓိ အောင်မင်္ဂလာ ပုထိုးစေတီတော်မြတ်၏ ထီးတော်တင်နှင့် ဌာပနာပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါစေတီတော်၏ ရင်ပြင်တော်ရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဖတ်၍ ဖွင့်လှစ်ကာ စစ်တွေဆရာတော်ကြီးထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသော ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်မြတ်ကို ရွတ်ဖတ်ကြပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ထို့နောက်အောင်သိဒ္ဓိ အောင်မင်္ဂလာစေတီတော်မြတ်ကြီး၏ ထီးတော်တင်အခမ်းအနားကိုကျင်းပရာ အောင်သစ္စာကမ္မဌာန်းကျောင်းတိုက်မှ ပင့်ဖိတ်ထားသောဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းတကာ/တကာမများက ထီးတော်အဆင့်(၉)ဆင့်ကို တစ်ဆင့်ချင်းစီဖြင့် ရထားယာဉ်ဖြင့်ပင့်ဆောင်တင်လှူ ပူဇော်ကြပြီး ဖေဖော်ဝါရီ (၃)ရက်နေ့တွင် စေတီတော်၏ ဌာပနာတော်ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌမှပြောကြားသည်။ အဆိုပါစေတီတော်၏ဉာဏ်တော်အမြင့်မှာ (၂၇)ပေရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment