MNP - ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် Book Club အဖွဲ့မှ စာရေးဆရာကြီးများက ၎င်းတို့ကိုယ်တိုင်ရေးသားခဲ့သည့် ဆောင်းပါး၊ ဝတ္ထုစသည့် စာပေကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြရာ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက်များ၊ တွေးခေါ်မှုများနှင့်အတူ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးအနေဖြင့် စာပေဝါသနာရှင်များ အတွက် အသက်အရွယ်မရွေး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတအတွေးအမြင်များရရှိစေပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင် များ ရရှိလာစေရေး၊ စာပေဝါသနာရှင်များတစ်ဦးနှင့် တစ်ဦး ရင်းနှီးကျွမ်းဝင်စေရန်နှင့် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment