MNP - ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထိန်တောကျေးရွာမှ ဒေသခံတောင်သူ (၆၄)ဦးဖြင့် နွေစပါး ဧက ၁၀၀ ကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများကို ထုတ်ချေးပေးရာတွင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများအဖြစ် နွေစပါးတစ်ဧကလျှင် ယူရီးယားဓါတ်မြေဩဇာ (၅၀ ကီလိုအိတ်) ၂ လုံး၊ ပေါင်း သတ်ဆေး (၃၀ ဂရမ်) ၆ ထုပ်၊ ပိုးသတ်ဆေး(၂၅၀ ဂရမ်) ၁ ထုပ်နှုန်းဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နွေစပါးစိုက် တောင်သူများအတွက် မနောသုခ RS မျိုးသန့်စပါး တင်း (၈၀)ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြိုတင်ဖြန့်ဖြူးရောင်းချပေးထားပြီး၊ ထွက်ရှိလာမည့် နွေစပါးများကို ဖြန့်ဝေထုတ်ချေးပေးထားသည့် သွင်းအားစုတန်ဖိုးနှင့်ညီမျှသော စပါးကာလပေါက်ဈေးနှုန်းအတိုင်း ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့ရောင်းချရေး အစုအဖွဲ့က ပြန်လည်ဝယ်ယူစုဆောင်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး ဧက ၁၀၀ လျာထားစိုက်ပျိုးဆောင်ရွက်နေပြီး ယနေ့အထိ (၅၅) ဧကကျော် စိုက်ပျိုးပြီးစီး နေပြီဖြစ်ကာ နွေစပါးစိုက်ပျိုးရေ ပြည့်ဝလုံလောက်စွာရရှိရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မောင်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment