ငါ့သရောက်မြို့နယ်တွင် ထန်းတက်ရာသီချိန် ထန်းဆွဲမြူအိုးအမြာက်အများ လုပ်ကိုင်ရောင်းချနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါ့သရောက်မြို့နယ်တွင် ထန်းတက်ရာသီချိန် ထန်းဆွဲမြူအိုးအမြာက်အများ လုပ်ကိုင်ရောင်းချနေရ



MNP   -  ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီ မစတင်မီအချိန်တည်းက ထန်းဆွဲမြူအိုးပြုလုပ်ထားကြပြီး ထန်းတက်လုပ်ငန်းစတင်ပြီဆိုတာနှင့် ထန်းဆွဲမြူအိုးအမြောက်အများ ရောင်းချရခြင်း ဖြင့် အိုးလုပ်ငန်းလုပ်ကိုင်ရောင်းချရသူများအဆင်ပြေ နေကြကြောင်း သိရသည်။


အဆိုပါ တောင်ကုန်းကျေးရွာရှိ အိမ်ထောင်စုတိုင်း အိုးလုပ်ငန်းလုပ်ကိုင်လာကြပြီး မည်သည့်အချိန်က စတင်ပြီးအိုး လုပ်ငန်း လုပ်ကိုင်လာသည်ကို ရွာထဲရှိအသက်အကြီးဆုံး အဘိုးအဖွားများပင် မသိရှိကြပဲ ရွာ၏အပြင်ဘက်ရှိ အိုးဖုတ်ကုန်း(အိုးဖို)သုံးကုန်းက အိုးလုပ်ငန်းခေတ်အဆက်ဆက် လုပ်ကိုင်လာခဲ့ကြသည်တို့အား မြင်ရုံနှင့်ပင် သိရှိနိုင်ကြောင်း ဘိုးစဉ်ဘောင်ဆက်အိုးလုပ်ငန်း လုပ်ကိုင်လာသည့် ဦးနေလင်းက ပြောကြားသည်။ အိုးအမျိုးမျိုးပြုလုပ် ကြသော်လည်း ထန်းဆွဲမြူအိုး အိမ်တိုင်းပြုလုပ်ကြကြောင်း အိုးလုပ်ရာတွင် မြေကြမ်းအမျိုးအစားမြေနှင့် ကန်မြေ အမျိုးအစား အချွဲ(ရွံ့စေးမြေ)တို့ကို အဓိကထား အိုးလုပ်ကြကြောင်း၊ အိုးလုပ်ရန်အတွက် မြေသားမှုန်နေအောင် ကြိတ်နယ်ရပြီး အမှိုက်၊ သစ်မြစ်သေ၊ သစ်ရွက်များကင်းစင်အောင် ဖယ်ရှားကာ မြေသားသန့်ရှင်းပြီဆိုတာနှင့် မြေသား နှစ်မျိုးအား ရေဖြင့်နှပ်ထားပြီး ရွံ့တုံးများအား အဝတ်အစိုဖြင့် အုပ်ထားကြောင်း၊ အိုး ပြင်လှဲ့လှည့်သူနှင့် အိုးထွင်းသူ နှစ်ဦးဖြင့် အိုးလုပ်ငန်း လုပ်ကိုင်၍ရကြောင်း အိုးထွင်းသူသာ အဓိကကျပြီး အိုးပြင်လှဲ့အားတစ်ရွာလုံးရှိ လူတိုင်းလှည့်တတ် ကြောင်း သိရသည်။


ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် ထန်းဆွဲမြူအိုးများအား ထန်းတောင်သူများ ကြိုက်နှစ်သက်ရခြင်းမှာ ပါးလွှာပြီး ပေါ့ပါးခြင်းကြောင့် ထန်းတက်ရာသီထန်းတောင်သူတိုင်းလာ ရောက်ဝယ်ယူကြကြောင်း၊ ထန်းသမား တစ်ယောက် ထန်းတက်လျှင် ထန်းဆွဲမြူအိုး (၇)နှစ်လုံးထိ ခါးချိတ် ထန်းတက်နိုင်ကြခြင်းမှာ ပေါ့ပါးပြီး ပါးလွှာသည့် ထန်းဆွဲမြူအိုးများကြောင့် ထန်းတောင်သူများ အကြိုက်တွေ့ကြကြောင်း ငါ့သရောက်မြို့ တမာခါးကျေးရွာ ထန်းတောင်သူ ဦးမြင့်မောင်က ရှင်းပြသည်။ ထန်းဆွဲမြူအိုးများအား နတ်တော်လမှ စတင်ပြုလုပ်ကြပြီး တစ်ရက်လျှင် နှစ်သောင် ငါးထောင် လုံးထိထန်းဆွဲမြူအိုးပြုလုပ်ရောင်းချရကြောင်း ထန်းဆွဲမြူအိုးတလုံးလျှင် (၁၂၀)ကျပ် ရောင်းချရပြီး နတ်တော်၊ ပြာသို၊ တပိုတွဲသုံးလအတွင်း ထန်းဆွဲမြူအိုးအလုံးရေ နှစ်သိန်းခွဲကျော် ပြုလုပ်ရောင်းချရပြီး တောင်ကုန်း ကျေးရွာအထိ လာရောက်ဝယ်ယူကြကြောင်း အိုးထွင်းပညာရှင် ဒေါ်စန်းယုံက ပြောပြသည်။ ထန်းဆွဲမြူအိုးလာရောက် ဝယ်သူများသည် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာမှ ထွက်ရှိသည့် ထန်းဆွဲမြူအိုးတိုင်း အလုံးအထည်တူညီကြခြင်း ကြောင့် ဖောက်သည်စွဲမထားပဲလာရောက် ဝယ်ယူကြကြောင်း တောင်ကုန်းကျေးရွာထွက် ထန်းဆွဲမြူအိုး တစ်လုံးလျှင် ထန်းရေသုံးလီတာခွဲ ဆန့်ကြောင်း ဒေါ်စန်းယုံက ပြောကြားသည်။ ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာသည် အိုးအမျိုးမျိုး ပြုလုပ်ကြပြီး ထန်းဆွဲမြူအိုးနှင့် ပြာသိုသောက်ရေအိုးတို့မှာ နာမည်ကျော် ငါ့သရောက်ဒေသထွက်အိုး များဖြစ်ကြောင်း၊ ရေဆေးမြေဇလုံ၊ မြေပန်အိုး၊ မြေဘုရား ပန်းအိုး၊ မြေသားမီးဖို၊ မုန့်ပြားသလပ်အိုးခင်း၊ မြေသားစုဘူး၊ ထန်းလျက်အရက်ချက်ချွေးပေါင်းခံအိုး၊ ကောက်ညှင်းပေါင်းအိုး၊ ပန်းပင်စိုက် မြေသားအိုးအမျိုးမျိုးတို့ ပြုလုပ်ရောင်းချ ကြကာ ကျောက်ပန်းတောင်း၊ တောင်သာ၊ ညောင်ဦး၊ ပုဂံ၊ ချောက်၊ တောင်ဇင်း ကျေးရွာ၊ ဂျမ်းလှီးကျေးရွာ များမှ လာရောက်ဝယ်ယူကြကြောင်း နှင့်ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် အိုးဖုတ်ကုန်း (အိုးဖို)သုံးကုန်းရှိရာ တစ်ရွာလုံးမဲစနစ်ဖြင့် မိမိတို့အိုးဖုတ်ဖို့ မဲကျရာနေရာတွင် အိုးဖုတ်(အိုးဖို)ရကြောင်း သိရပြီး တစ်အိမ်ထောင်လျှင် တစ်ရက်ထန်းဆွဲမြူအိုး နှစ်ရာကျော်ပြုလုပ် ရောင်းချနေရကြောင်း အိုးအမျိုးမျိုးလုပ်ကိုင် ရောင်းချနေသည့် ဦးနေလင်းက ရှင်းပြ၍ သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)