MNP - ဖေဖော်ဝါရီ ၂၀
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်၌ (၂၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ဖွင့်လှစ်ရွတ်ဖတ်ခဲ့ကြောင်း သိရသည်။
ပဌာန်းဖွင့်ပွဲတွင် နိုင်ငံတော်ဩဝါဒါစရိယ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒတဝိမလမှ ဦးဆောင်၍ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်အားဆွမ်းတော်၊ ဆီမီးတော်များ ဆက်ကပ်လှူဒါန်းခြင်း၊ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် အကျိုးတော်ဆောင်ဆရာတော် ဦးသုဝဏ္ဏအရှင်မြတ်က ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကို ရွတ်ဖတ်ပူဇော်ကြကာ အဓိဋ္ဌာန်ဆီမီး ပထမ(၁)တိုင်အား ဆရာတော် ဘဒ္ဒတဝိမာလမှ ထွန်းညှိ ပူဇော်ပေးခြင်း၊ တာပလိန်း ဦးခမ်းကျော်၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ အမှတ် (၁၀၁) ခြေလျှင်တပ်မမှူး ဒုတိယဗိုလ်မှူးကြီးမင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်း သန်းထိုက်၊ ဂေါပဂဥက္ကဋ္ဌ ဦးမောင်ကျော်နှင့်မြို့မိမြို့ဖ ဦးထွန်းကျော်တို့မှ အဓိဋ္ဌာန်ပြု ဆီမီးတိုင်များ အသီးသီးထွန်းညှိပေးခဲ့ကြောင်း သိရသည်။
ထို့နောက် (၂၈)ကြိမ်မြောက် မြို့မဂိုဏ်းချုပ်ကျောင်း၏ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကြီး ၏ပဌာန ဘာဏက ဆရာတော်များအားလုံးတို့နှင့် တရားနာပရိသတ်အပေါင်းတို့က ပဋ္ဌာန်းစင်တော် ကို လက်အုပ်ချီဝန်းရံလျက် (နမောတဿ) သုံးကြိမ် ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဌိတော် သုံးကြိမ်ရွတ်ဆိုပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘုရားမှ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးကို စတင် ရွတ်ဖတ်တော်မူသည်။ အဆိုပါ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအားပင့်ဖိတ်၍ တပေါင်းလဆန်း (၁)ရက်နေ့မှ (၈)ရက်နေ့အထိ (၇)ရက် (၇)ည တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment