ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီသည် ရခိုင်ပြည်နယ်ရှိ ခရီးစဉ်ဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများအပြင် ပြည်နယ် အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုပြုထားကြသည့် ဟိုတယ်၊ တည်းခိုရိပ်သာများ၊ ခရီးသွားလုပ်ငန်းရှင်များနှင့်  ဧည့်လမ်းညွှန်များကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် လုပ်ငန်းလိုင်စင်များ စိစစ်ထုတ်ပေးသည့် လုပ်ငန်းတာဝန်များကိုပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ငပလီအပန်းဖြေ ကမ်းခြေဒေသသည် ပြည်နယ်အတွင်းသာမက နိုင်ငံတော်အတွက် အဓိကထင်ရှားသည့် အပန်းဖြေ ကမ်းခြေတစ်ခုဖြစ်ကြောင်း၊ ထို့အပြင်မြောက်ဦးယဉ်ကျေးမှုခရီးစဉ် ဒေသသည်လည်း မြန်မာနိုင်ငံတွင် ပုဂံခရီးစဉ် ဒေသနှင့်အပြိုင် ထင်ရှားမှုရှိပြီး ရခိုင်ပြည်နယ်အတွင်း ဂုဏ်ယူရမည့်ခရီးစဉ်ဒေသတစ်ခုဖြစ်သကဲ့သို့ အထူးသတိပြုအလေးထား ထိန်းသိမ်းစောင့်ရှောက်ရမည့် ယဉ်ကျေးမှုအမွေအနှစ်များရှိရာ ခရီးစဉ်ဒေသတစ်ခုလည်းဖြစ်ပါကြောင်း၊ ငပလီ ကမ်းခြေခရီးစဉ်ဒေသအနေဖြင့် ကိုဗစ်-၁၉ အလွန်ကာလပြီးခဲ့သည့်နှစ် မဟာသင်္ကြန်ကာလမှာ ပြည်တွင်းခရီးသည်များ လာရောက်မှု စံချိန်တင်လောက်အောင် များပြားစည်ကားခဲ့ကြောင်းသိရှိခဲ့ရပြီး ယခုနှစ်မဟာသင်္ကြန်ကာလအတွက် ခရီးသွားများက လမ်းကြောင်းအခြေအနေမေးမြန်းခြင်း၊ ဟိုတယ်အခန်းများ Booking လုပ်ရန်စုံစမ်းခြင်းများ ပြုလုပ်နေကြပြီဟု ကြားသိရပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်က အလေးထားသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ခရီးသွား လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ဌာန၊အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်ကြိုးပမ်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလာမှု ညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က သက်ဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းဆိုင်ရာ အမှာစာများကို ရှင်းလင်းတင်ပြသည်။


ထို့နောက်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ရခိုင်ပြည်နယ်၏ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဟိုတယ်၊ တည်းခိုရိပ်သာများ၏ လုပ်ငန်းလိုင်စင်များ စိစစ်ထုတ်ပေးခြင်းများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေး တင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


တင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)