ထန်တလန်မြို့ပျက် သင်ခန်းစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်တလန်မြို့ပျက် သင်ခန်းစာ


မြန်မာပြည်မှာ ဘယ်တုန်းကမှ မမြင်ခဲ့ရဖူးတဲ့ မြင်ကွင်းတွေ မြင်တွေ့နေရတယ်။ ဘယ်တုန်းကမှ မကြားခဲ့ရဖူးတဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေ ကြားသိနေရတယ်။ အကြောင်းကတော့ နိုင်ငံရေးလုပ်စားသူတစ်စုကို ယုံစားပြီး ပြည်သူတွေ မိုက်သွေးကြွလာကြလို့ပဲ ဖြစ်တယ်။ ဒီနေရာမှာ မိုက်တာနဲ့ ရိုင်းတာကိုတောင် ခွဲခြားပြဆိုရမလိုဖြစ်လာတယ်။

မိုက်တယ်ဆိုတာက မဟုတ်မခံ စိတ်နဲ့ အမှန်တရားအတွက် ဘာဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို ဆိုလိုတယ်။ ရိုင်းတာကတော့ ဆင်ခြင်တုံတရားကင်းမဲ့စွာ သူများမြှောက်ပေးတိုင်း မဖွယ်မရာ လုပ်ရပ်တွေကို လုပ်တာလို့ ဆိုနိုင်ပါတယ်။ 

နိုင်ငံရေးလုပ်စားသူတွေရဲ့ သဘောသဘာဝ၊ ပြည်ဖျက်မီဒီယာတွေရဲ့ သဘောသဘာဝ ကို ပြည်သူတွေက ကောင်းစွာ နားမလည်ကြဘူး။ နိုင်ငံရေးလုပ်စားသူနဲ့ ပြည်ဖျက်မီဒီယာတွေ ဟာ ပြည်သူကို အသုံးချပြီးတော့မှ စီးပွားရှာရတာကို နားမလည်ကြလို့ လုပ်ကြံဖန်တီး လှုံ့ဆော်ပြောဆိုသမျှကို ပြည်သူတွေက ယုံစားမိတာပဲ ဖြစ်တယ်။ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ ပြောစကားကို ယုံစားပြီး သူတို့ကြိုးဆွဲရာကို ပါမှန်းမသိ ပါပြီး မိမိတို့မှာ အကြမ်းဖက်သမားတွေ ဖြစ်သွားကြတယ်။ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေကတော့ မှဲ့တစ်ပေါက်တတောင် အစွန်းမခံဘူး။

တော်လှန်ပုန်ကန်ဖို့ကို ရေပတ်မဝင်အောင် ရွှန်းရွှန်းဝေပြောဆိုနေပေမယ့် သူတို့ကတော့ အပ်တိုတစ်ချောင်းတောင် မကိုင်ဘူး။ လွတ်မြောက်နယ်မြေကို အရောက်ပြေးကြတယ်။ သူတို့ရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ကြံဖန်တီးပြောဆိုမှုတွေအပေါ်မှာ တကယ်ယုံစားမိတဲ့ သူတွေဟာ အဆိုးရွာ အရက်စက်ဆုံးသော အကြမ်းဖက်သမားတွေ ဖြစ်လာကြတယ်။

အမှန်တရားအတွက် မိုက်ရဲတာမျိုးမဟုတ်ဘဲနဲ့ သူများပါးစပ်ဖျားမှာ လမ်းဆုံးပြီး ရိုင်းစိုင်းယုတ်မာ အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်လာကြခြင်းပဲ ဖြစ်ပါတယ်။

မနေ့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တက်လာတဲ့ ရုပ်သံတစ်ခုမှာ ထန်တလန်မြို့ရဲ့ အခြေအနေကို မြင်တွေ့လိုက်ရတယ်။ ထန်တလန်မြို့ဟာ မြို့ပျက်ကြီးတစ်ခု ဖြစ်သွားပြီ။ အဆောက်အဦးတွေမှာ လူတွေ မရှိတော့ဘူး။ အဆောက်အဦးတိုင်းဟာ လက်နက်ဒဏ်သင့်ထားတဲ့ အနေအထားတွေကို မြင်တွေ့ရတယ်။

ဒီလိုအခြေအနေမျိုး ဘာကြောင့် ဖြစ်ခဲ့ရတာလဲ။ CDF/ PDF အစရှိတဲ့ အကြမ်းဖက်သမားတွေဟာ မြို့ပေါ်မှာ ရှိတဲ့ စာသင်ကျောင်းတွေကို သူတို့ရဲ့ အကြမ်းဖက်စခန်းအဖြစ် အသုံးပြုခဲ့ကြတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မြို့ထဲ လူနေရပ်ကွက်ထဲကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတယ်။ ဘာသာရေးအဆောက်အအုံတွေကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတယ်။ ရလာဒ်ကတော့ အခု မြင်တွေ့ရတဲ့အတိုင်းပါပဲ။ ထန်တလန်မြို့ဟာ မြို့ပျက်ကြီး တစ်ခု ဖြစ်ခဲ့ရပါပြီ။

နောင်လာနောင်သားတွေ လေ့လာလို့ရအောင် မှတ်တမ်းအဖြစ် ထားချင်တယ်ဆိုရင်တော့ ထန်တလန်မြို့ကို လက်ရှိအနေအထားအတိုင်း မပြုပြင်ဘဲ ထားပြီး အကြမ်းဖက်လှုပ်ရှားမှုရဲ့ ရလာဒ်ကတော့ ဒါပါပဲလို့ ပြသရမှာ ဖြစ်ပါတယ်။

NLD အစွန်းရောက်တွေဟာ ထန်တလန်မြို့ကိုသာ မြို့ပျက်ကြီးဖြစ်အောင် ဖန်တီးတာမဟုတ်ပါဘူး။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကိုပါ မြို့ပျက်ကြီးများသဖွယ် ဖြစ်အောင် ဖန်တီးလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ လမ်းပေါ်ထွက် ဆန္ဒပြရာကနေ လမ်းတွေ ပိတ်စို့လာကြတယ်။ ပြီးတဲ့အခါမှာ သူတို့ကိုယ်တိုင်ပဲ အဲဒါတွေကို မီးရှို့တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းရတယ်။ 

ဒီနေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သည်းခံနိုင်မှုစွမ်းရည်ပေါ့ဗျာ။ လမ်းပေါ်က လူတစ်စု သူတို့လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်နဲ့ တစ်ချက်ပတ်ရမ်းလိုက်ရင်ကို ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားနိုင်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မလုပ်ခဲ့ဘူး။ အဓိပ္ပာယ်မဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို အားရအောင် လုပ်ကြ။ သည်းခံ စောင့်စိုင်းပြီးတော့မှ သူတို့ ဖွခဲ့သမျှ အမှိုက်ကို လိုက်ရှင်းပေးတယ်။

သည်းခံမှန်း သိလေ နီပိန်းတွေက ရောင့်တက်လာလေ။ လမ်းပေါ်တက်ပြီး ကားပျက်ကမ်ပိန်းလုပ်တယ်။ အံ့သြလွန်းလို့ဗျာ။ ရဲတပ်ဖွဲ့ဝင်တွေက နီပိန်းတွေ သောက်ကျင့်ယုတ်မှန်း သိပါလျက်နဲ့ ကားတွေကို လိုက်တွန်းပေးနေတယ်။ လမ်းပေါ် ဆန်စေ့ကျဲပြီး ကောက်တာမျိုးလည်း နီပိန်းတွေ လုပ်ကြတယ်။ နီပိန်းတွေမှာ ကိုယ်ပိုင်အတွေးအခေါ်ဆိုတာထက် နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက လှုံ့ဆော်သမျှကို လုပ်သင့် မလုပ်သင့် စဉ်းစားဆင်ခြင်ခြင်း မရှိဘဲ လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာကိုတော့ တဖွဖွအော်ရဲ့။ ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်တွေကို ဆင်ကန်းတောတိုး လုပ်ခဲ့ကြတဲ့ နေရာမှာလည်း သူတို့လောက်ဆိုးသွမ်းသူ ယှဉ်ပြစရာတောင် မရှိပါဘူး။ 

ဒီမိုကရေစီကို တဖွဖွအော်နေပေမယ့် ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ (၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည်၊ (၂) သာတူညီမျှ ရှိစေရမည်၊ (၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည်၊ (၄) တာဝန်ယူမှု ရှိရမည်၊ (၅) ရိုးသားပွင့်လင်းမှု နှင့် ထင်သာမြင်သာမှု ရှိစေရမည်၊ (၆) ပုံမှန်လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးချယ်တင်မြှောက်ခွင့်ရှိရမည်၊ (၇) စီးပွားရေး လွတ်လပ်ခွင့်ရှိရမည်၊ (၈) အာဏာ အလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည်၊ (၉) လူ့အခွင့်အရေး ကြေညာစာတမ်းများ ထုတ်ပြန်ထားရှိရမည်၊ (၁၀) ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်ထားသော ရလဒ်များအား လက်ခံနိုင်ရမည်၊ (၁၁) လူ့အခွင့်အရေး ထိန်းသိမ်းရမည်၊ (၁၂) ပါတီစုံ စနစ်ကျင့်သုံးရမည်၊ (၁၃) ဥပဒေကို လေးစားလိုက်နာကြရမည် ဆိုတာတွေကို ကြားမှ ကြားဖူးကြရဲ့လား။

၂၀၂၀ ရွေးကောက်ပွဲကစလို ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်ပြီး မဲလိမ် မဲခိုးမှုတွေ ကျူးလွန်ခဲ့ကြတယ်။ မဲလိမ် မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် အာဏာလက်မဲ့ ဖြစ်သွားရပြန်တော့လည်း အကြမ်းဖက်လမ်းစဉ်နဲ့ အာဏာရယူဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလေတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ပယ်ဖျက်ရမယ်ဆိုတဲ့ လှုံ့ဆော်မှုတွေနဲ့ ပြည်သူတစ်ရပ်လုံးကို မှိုင်းတိုက်ခဲ့ကြတော့တာပါပဲ။ 

NLD ဦးဆောင်သူတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနောက်မှာ NLD ထောက်ခံသူများဟာ အကြမ်းဖက်သမားများအဖြစ်နဲ့ သံဃာတော်များ၊ ဆရာ/ဆရာမများ၊ အစိုးရဝန်ထမ်း၊ အမျိုးသမီးများနှင့် ကလေးငယ်များပါ မချန် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြလို့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့အထိ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၄၄၃ ဦး အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာလည်း (၇)လောင်းပြိုင် လူသတ်မှု အပါအဝင် အပြစ်မဲ့ပြည်သူတွေကို မိုင်းဆွဲတိုက်ခိုက်၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်ခဲ့ကြပါတယ်။ 

အာဏာရမ္မက်ထနေတဲ့ NLD ဦးဆောင်သူတွေရဲ့ အလုံးစုံပျက်သုဉ်းရေး အကြမ်းဖက်လမ်းစဉ်ဖော်ဆောင်လာခဲ့ပြီး နောက်မှာ ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးပြယုဂ်အဖြစ် တည်ထောင်ခဲ့တဲ့ လေးကေကော်မြို့လေး ဟာ ယမ်းငွေ့တဝေဝေ ဖြစ်ခဲ့ရတယ်။ အကြမ်းဖက်လှုပ်ရှားသူတွေက ငြိမ်းချမ်းရေးစံပြမြို့လေးကို အကြမ်းဖက်စခန်းအဖြစ် အသုံးချပြီး အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ဆောင်သွားခဲ့ကြတယ်။ လေးကေကော်ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင်အဖြစ်နဲ့အတိဒုက္ခရောက်ခဲ့ကြတယ်။ တပ်မတော်ကပဲ ပြန်လည်အခြေချနေထိုင်နိုင်အောင် ဆောင်ရွက်ပေးခဲ့ရတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ကိုလည်း ချင်းလက်နက်ကိုင်တပ်ဖွဲ့ CNF က အကြမ်းဖက်အဖွဲ့ အဖြစ်တဲ့ PDF နဲ့ ပူးပေါင်းပြီး အကြမ်းဖက်လှုပ်ရှားမှုတွေကို မြို့ပေါ်မှာ အခြေစိုက်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ မျက်နှာကို မထောက်ထားဘဲ လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒေသခံပြည်သူတွေ ဘာတွေကောင်းကျိုးရခဲ့သလဲ။ ဆိုးကျိုးရလာဒ်တွေကိုသာ ရင်စည်းခံခဲ့ကြရတာပဲ မဟုတ်ပါလား။

ထန်တလန်မြို့ပျက်ကြီး သင်ခန်းစာက အကြမ်းဖက်လှုပ်ရှားမှုရဲ့ ရလာဒ်ပါပဲ။ ကရင်ပြည်သူတွေကို ကိုယ်စားပြုသလိုလို၊ ချင်းပြည်သူတွေကို ကိုယ်စားပြုသလိုလို စကားကြီး စကားကျယ်တွေ ပြောကြပေမယ့် ဒေသခံတိုင်းရင်းသားပြည်သူတွေ အပေါ် ငဲ့ညှာခြင်းမရှိဘဲ နိုင်ငံရေးလုပ်စားသူ၊ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှုနောက် ကောက်ကောက်ပါအောင် လိုက်ပြီး ထင်ရာစိုင်း ရိုင်းခဲ့ကြတဲ့ အကြမ်းဖက်လှုပ်ရှားမှုရဲ့ ဆိုးကျိုးရလာဒ် ထန်တလန်မြို့ပျက်ကြီးက သက်သေပါပဲ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)