MNP - ဖေဖော်ဝါရီ ၂၅
ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေမှန်များ၊ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများနှင့် မိမိရပ်ရွာဒေသတွင်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြနိုင်စေရန်အတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း တွေ့ဆုံပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းမောင်မြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှု အခြေအနေအား ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် သက်ဆိုင်ရာ ဌာနအသီးသီးက ဆောင်းသီးနှံနေကြာ စိုက်ပျိုးရေးနှင့် စိုက်ဘဏ် ချေးငွေကိစ္စရပ်များ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း(၆၆/၆)ပြုလုပ်နိုင်ရေး၊ လူကုန်ကူးမှု၊ မှုခင်းဆိုင်ရာနှင့် သက်ငယ်မုဒိမ်းမှု ဆိုင်ရာကိစ္စများ၊ လုံခြုံရေး၊ စုပေါင်း သန့်ရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိစ္စများ၊ တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုရန်ကျန်ရှိသူများ ရာနှုန်းပြည့် ဖြေဆိုနိုင်ရေး၊ ပွင့်လင်းရာသီတွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို ဆွေးနွေးကြသည်။
ထို့နောက် ကျေးရွာနေ ပြည်သူများက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားပြီး ကျန်းမာရေးဦးစီးဌာနက ကျေးရွာ ပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တွေ့ဆုံပွဲသို့ ကျေးရွာပြည်သူ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လပြည့်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment