ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်


MNP  -   ဖေဖော်ဝါရီ ၂၄

ကမ်းခြေဒေသများသန့်ရှင်းသာယာလှပပြီး ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ ယင်းဒေသများသို့ တိုးတက်ဝင်ရောက်လာရေးနှင့် ကမ်းခြေဒေသခရီးသွားလုပ်ငန်းများ စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်နေစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ငပလီကမ်းခြေဒေသ Aureum Palace ဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရခိုင်ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင် များ၊ ဟိုတယ်များမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


ဦးစွာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန သံတွဲရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ကငပလီကမ်းခြေဒေသရှိ ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငပလီကမ်းခြေဒေသခရီးသွားလုပ်ငန်းစနစ်တကျဖြင့် မြန်မြန်ဆန်ဆန်တိုးတက်လာစေရေးအတွက် အကောင်အထည်ဖော်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းတိုးတက်လာပါက ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများပါတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသသို့ခရီးသွားများ ပိုမိုဝင်ရောက်လာခြင်းကြောင့် ဒေသခံတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာရေးအတွက် မူဝါဒပိုင်းဆိုင်ရာနှင့် လုပ်ငန်းပိုင်းဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍနှစ်ခုကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်းတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ပြီး ပြည်ပခရီးသွား ပိုမိုဝင်ရောက်လာရန် ဆွဲဆောင်ကြရန်လိုအပ်ကြောင်း၊ အလားတူ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ကြရမည်ဖြစ်ကြောင်း။


ဝန်ကြီးဌာနက လုပ်ငန်းများမြန်ဆန်စွာဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းမှာ လူအချင်းချင်းကူးလူးဆက်ဆံမှုအပေါ် အခြေခံသည့်အတွက် ဧည့်သည်များ၏ စိတ်ကျေနပ်နှစ်သက်မှုရရှိရေးမှာ အရေးကြီးကြောင်း၊ ရှိနှင့်ပြီးသော ကမ်းခြေဒေသများကို သန့်ရှင်းသာယာလှပအောင်ဆောင်ရွက်ပြီး ဆက်စပ်လည်ပတ်နိုင်သော ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနကဆောင်ရွက်နေသော ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုမှုအစီအစဉ်ကဲ့သို့ အစီအစဉ်များတွင်ပါဝင်ကြစေလိုကြောင်း၊ ငပလီကမ်းခြေဒေသခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် နိုင်ငံတော်နှင့်ဒေသ၏အကျိုးစီးပွားကို အထူးဂရုပြုရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြား သည်။


ဆက်လက်၍ ဝင်ရောက်လာကြသူများက ခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် ကြုံတွေ့နေရသည့်အခြေအနေများ၊ ငပလီကမ်းခြေဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်နေမှုများ၊ ကမ်းခြေသာယာလှပရေးတို့ကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငပလီကမ်းခြေဒေသရှိ ဟိုတယ်များကိုလှည့်လည်ကြည့်ရှုပြီး ဟိုတယ်သို့လာရောက်တည်းခိုကြသည့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်တည်းခိုရန် မြှင့်တင်ကြော်ငြာရေး၊ ဟိုတယ်ပရဝဏ်နှင့် ပတ်ဝန်းကျင်အမှိုက်သရိုက်များကင်းစင်ပြီး သာယာလှပသောအစိမ်းရောင်ဇုန်များ ဖော်ဆောင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)