မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူယနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူယနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပ


MNP   -     ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံ၏ ထင်ရှားသောဘုရားပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တပေါင်းလဆန်း ၁ ရက်နေ့မှ လပြည့်နေ့ အထိ (ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ) ၁၅ ရက်ကြာ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၍ တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက  စေတီတော် မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ နှင့် ဘုရားဖူးများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားရင်ပြင်တွင် စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြကာ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဇောတ၊ သာသန ဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ အနုမောဒနာတရား နာကြားခဲ့ ကြပြီး  ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင် များက ဆရာတော်ကြီးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး သြဝါဒစရိယဆရာတော်ကြီးများနှင့်တကွ မြတ်မော်တင် တောင်ခြေနှင့် အနီးဝန်းကျင်ကျေးရွာများတွင် သီတင်းသုံးတော်မူကြသော ဆရာတော် အရှင်သူမြတ် အပါး(၂၀၀) အား ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူ ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနားအစီအစဉ် ပထမပိုင်းအရ  မင်္ဂလာ ဘိသေက ပညာရှင်က ဗုဒ္ဓါဘိသေကမင်္ဂလာ ဩဘာစာတမ်းအား ဖတ်ကြားပြီးနောက် မင်္ဂလာအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီးနောက် ဒေဝါဝင်း၊ ရာဇာဝင်းအဖွဲ့များ လိုက်ပါလျက် စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ခဲ့ပြီး သစ်သီးဆွမ်း၊ ဆီးမီး၊ ရေချမ်း၊ ပန်းများ ကပ်လှူ ပူဇော်ခဲ့ကြသည်။


ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ကြီး အမှူးပြု သော ဆရာတော်အရှင်သူမြတ်များမှ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာဆင်ယင်ကျင်းပတော်မူခဲ့ကြသည်။


ဆက်လက်၍ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲရေစက်ချ မင်္ဂလာအခမ်းအနားအား စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်၌ ပြုလုပ်ခဲ့ရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာအခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ခဲ့ကြပြီးနောက် မဟာမင်္ဂလာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော  သံဃာတော်အရှင်သူမြတ်များထံမှ  ပရိတ် တရားတော်များအား နာယူကြည်ညိုကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီးနောက် မင်္ဂလာဘိသေကပညာရှင်က မင်္ဂလာ ဩဘာစာတမ်းအား ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီးတောင်ခြေတွင် ရှင်ဥပဂုတ္တမထေရ်မြတ်အား ပင့်ဆောင်ပူဇော်၍ ဖောင်တော်အား ရေမျှောပူဇော် ကုသိုလ်ပြုခဲ့ကြပြီး မြတ်မော်တင်စေတီတော်မြတ်ကြီးရှိ သက္ကရာဇ် ၁၂၅၂ ခုနှစ်က သွန်းလုပ်လှူဒါန်းထားရှိသည့် ရှေးဟောင်းကြေးသွန်း ခေါင်းလောင်းတော်ကြီးများနှင့် ၁၂၅၆ ခုနှစ်တွင် ထွင်းထုလှူဒါန်းထားသည့် ရှေးကျောက်စာချပ်အား ရှေးလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံထားရှိမှုများနှင့် ရင်ပြင်တော်တိုးချဲ့တည်ဆောက်နေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းလက်ရာများ မပျောက် ပျက်စေဘဲ ရေရှည်တည်တံ့စေရေး၊ စနစ်တကျမှတ်တမ်းများ ထိန်းသိမ်းထားရှိစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ် ကာလများအတွင်း ပြီးစီးစေရေး မှာကြားခဲ့ပြီး  ဘုရားဖူးလာပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ သည်။ ထို့နောက် မြတ်မော်တင် စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအမံများနှင့် ဘုရားပွဲတော်ကျင်းပမှု ဆိုင်ရာကိစ္စရပ်များ သုံးသပ်ဆွေးခဲ့ကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)