ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ စီမံ(၁) ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ စီမံ(၁) ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲတက်ရောက်




MNP  -  ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ပြီး စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ပြုလုပ်သော ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံ(၁)ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဆင်းပွဲ တက်ရောက်သည်။


ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် တာဝန်ထမ်းဆောင်နေမှုကို တစ်ဦးချင်းတင်ပြကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်တွင် မိမိအနေဖြင့် တာဝန်အဆင့်ဆင့်ထမ်း ဆောင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြ ရန်လို ကြောင်း၊ လိုအပ်ချက်များရှိပါက မိမိတို့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏အတွေ့အကြုံကောင်းများကိုရယူပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မိမိတို့ ရခိုင်ပြည်နယ်တွင် အခြေအနေကောင်းများဖြစ်ပေါ်တိုးတက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုအခွင့်အရေးများကို အခွင့်ကောင်းယူ၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကလည်း ထောက်ပံ့ပေးထားမှုများရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုများကို များစွာလုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊  ရခိုင်ပြည်နယ်တွင် ရေခံမြေခံကောင်းလွန်းသဖြင့် နည်းပညာနှင့် သွင်းအားစုများသာ လိုအပ်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ခရိုင်အလိုက်၊ မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်ပြီး ကုန်ထုတ်လုပ်ငန်းများ များစွာရှိပါကြောင်း၊ ထိုလုပ်ငန်းများအတွက် လိုအပ်ချက်များကို  မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်စွမ်းအားများ၊ ကုန်ထုတ်လမ်းများ၊ တံတားများ၊ လျှပ်စစ်မီးများကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ ထိုအချက်များ ညီညွတ်မျှတမှသာ လိုအပ်သော ရည်ရွယ်ချက်ကို အချိန်တိုအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း၊ ထို့အတူ မိမိတို့ပြည်နယ်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတူ စားနပ်ရိက္ခာဖူလုံရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများသည် မိမိတို့လုပ်ငန်း တာဝန်များကို ညီညီညွတ်ညွတ်ဖြင့် လုပ်ဆောင်နေကြသည်ကို တွေ့ရှိရပါကြောင်းနှင့် မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေး သွားကြစေလိုကြောင်းနှင့် လိုအပ်ချက်များကိုလည်း မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ပြုလုပ်သော ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံ(၁) ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဆင်းပွဲ တက်ရောက်ကြသည်။


သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ထူးချွန်ဆုများပေးအပ်ခဲ့သည်။


အဆိုပါသင်တန်းကို ရခိုင်ပြည်နယ်အတွင်း စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)/ ဒုတိယဦးစီးမှူးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ထမ်းများအား ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ၂ ပတ်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တင်ထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)