MNP ၊ ဖေဖော်ဝါရီ ၂၂
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ဝင်ငွေတိုးရေး အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်ရရှိရေးကိုပါ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေး၊ ဝင်ငွေတိုးရရှိရေး ရှေ့ပြေးစီမံကိန်း လေးခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း လေးခုမှာ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုစီမံကိန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး စီမံကိန်း၊ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရရှိရေးစီမံကိန်း၊ ခေတ်မီစံပြကျေးရွာများ ဖော်ဆောင်ပြီး ကျေးလတ်နေပြည်သူများ၏ ဝင်ငွေတိုးရေးစီမံကိန်းတို့ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခရိုင်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တွင် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုစီမံကိန်း၊ ကျောက်ဆည်ခရိုင်တွင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးစီမံကိန်း၊ ညောင်ဦးခရိုင်တွင် အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရရှိရေးစီမံကိန်း၊ ရမည်းသင်းခရိုင်တွင် ခေတ်မီစံပြကျေးရွာများ ဖော်ဆောင်ပြီး ကျေးလတ်နေပြည်သူများ၏ ဝင်ငွေတိုးတက်ရရှိရေး စီမံကိန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment