မိရိုးဖလာအလုပ်များဖြင့် ပျော်မွေ့နေကြသော လယ်သမားတို့၏ဘဝ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိရိုးဖလာအလုပ်များဖြင့် ပျော်မွေ့နေကြသော လယ်သမားတို့၏ဘဝ





မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးလုပ်ကိုင်သောနိုင်ငံဖြစ်သောကြောင့် နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေသည် တောင်သူလယ်သမားများ ဖြစ်ကြသည်။


ထိုသို့ စိုက်ပျိုးရေးကို အဓိကထားပြီး ရွှံ့ဗွက်များတွင် တစိုက်မတ်မတ် စိုက်ပျိုးလုပ်ကိုင်ရသောကြောင့် တောင်သူလယ်သမားတို့၏ ဘဝသည် ကြမ်းတမ်းသည် ခက်ထန်သည် နုံချာသည် အနေစုတ်သည် ကျေးတောရွာများနေ ဒေသခံတောင်သူများမှာ စာတတ်သူ နည်းပါးသည့်အပြင် အသိပညာဗဟုသုတပါ ပြည့်စုံမှု မရှိသောကြောင့် လူအများ၏ အထင်သေး ဆက်ဆံခြင်းကိုခံရသည်။ ရှေးအခါက တောရွာများသည် မြို့နှင့် အလှမ်းဝေးသည့်အပြင် လမ်းခရီးကလည်း ကြမ်းတမ်း၊ ရွှံ့များ၊ ဗွက်များဖြင့် သွားရေးလာရေး ခက်ခဲသောကြောင့် မိဘများမှာ သားသမီးများ၏ ပညာရေးကို ဆုံးခန်းတိုင်အောင် မထားနိုင်ရှာပေ။


ထိုအချိန်က တောရွာများတွင် စာသင်ကျောင်းများ ယခုကဲ့သို့ ကျောင်းသားဦးရေနှင့် လိုက်လျော ညီထွေမှုရှိအောင် များများစားစား မရှိကြသေးဘဲ လေးရွာ၊ ငါးရွာမှ စာသင်ကျာင်း တစ်ကျောင်းခန့်သာ ရှိလေသည်။ ဒါတောင် မူလတန်း အဆင့်လောက်သာရှိပြီး လေးတန်းအောင် ပြီး၊ ငါးတန်းတက်သည့်အခါ မြို့ကျောင်းများသို့ ကျောင်းပြောင်းပြီး ထားကြ ရသည်။


တချို့မိဘများမှာဆိုလျှင် ငွေရေးကြေးရေး ပြည့်စုံမှုမရှိသည့်အပြင် လမ်းခရီးကလည်းဆိုး၊ ဝေးလည်းဝေးသောကြောင့် ငါးတန်းလောက်ဖြင့် ကျောင်းထုတ်ကာ မိမိတို့နှင့်အတူ လယ်/ယာ လုပ်ငန်းများကို လုပ်ကိုင်စေပြီး မိရိုးဖလာလုပ်ငန်းများဖြစ်သော ကောက်စိုက်၊ ပျိုးနုတ် အလုပ်များဖြင့်သာ ရွှံ့ဗွက်များနှင့် နပန်းလုံးနေကြရတော့သည်။


နဂိုကမှ ရိုးအသည့် မိသားစုများမှ ပေါက်ဖွားလာသူများ ဖြစ်သောကြောင့် ပညာမတတ်သည့်အခါ နုံအပြီး အတွေးအခေါ်များပါ ညံဖျင်းသွား တော့သည်။ သို့သော် တောသူတောင်သားများသည် စိတ်ဓာတ်ကတော့ ရိုင်းစိုင်း၊ ယုတ်ညံ့၊ ကောက်ကျစ်သူများ မဟုတ်ကြပေ။


ရိုးသည်၊ အသည်၊ ဧည့်သည်များလာလျှင် ခင်ခင်မင်မင်နှင့် ပျူငှါဖော်ရွေမှုရှိသည့်အပြင် ကျွေးမွေးချင်စိတ် ရှိကြသည်။ အရိုးခံသမား များမို့ ပွင့်ပွင့်လင်းလင်း ပြောတတ်ကြသည်။ မြို့သူ မြို့သားများက အသိပညာဗဟုသုတနှင့်အတတ်ပညာများသာပြီး၊ တောသူတောင်သားများက အရိုးခံစိတ်ထားများဖြင့် ဖြူစင်ရိုး သားကြသည်။


သူ့အရပ်နှင့် သူ့ဇာတ်ဟူသော ဆိုရိုးစကားနှင့်အညီ တောရွာများတွင် နေထိုင်သူများသည် သူ့အရပ်ဒေသနှင့် သူ သဘောထားများ၊ လူနေမှုစရိုက်လက္ခဏာများနှင့် စိတ်နေသဘောထားများကတော့ ကွဲလွဲပေလိမ့်မည်။ ဟန်ဆောင်မှုကင်းပြီး ရိုးရှင်းသော အဖြူထည်သက်သက် များသာဖြစ်ကြသည်။ လိမ်လည် လှည့်ပတ်သူများ မရှိကြပေ။ သို့သော် စုန်းပြူး တစ် ယောက်တစ်လေတော့ ရှိပေလိမ့်မည်။


လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသော တောင်သူဦးကြီးများသည် မိဘဘိုးဘွားများလက်ထက်က ရိုးရာလုပ်ငန်းများဖြစ်သော  လယ်ထွန်၊ ကောက်စိုက်၊ ပျိုးနုတ်ကြရင်းဖြင့် တေးသီချင်းများ သံစုံဟစ်ကာ စကြနောက်ကြ၊ အော်ကြဟစ်ကြရင်းဖြင့် လယ်ကွင်းထဲတွင် ပဲ့တင်သံများထပ်နေပြီး မိရိုးဖလာ လုပ်ငန်း များဖြင့် နေဝင်မိုးချုပ် လုပ်ကိုင်ကြရင်း ပင်ပန်းနေကြ သော်လည်း  အော်ကာဟစ်ကာ စကာနောက်ကာဖြင့် ရယ်စရာများပြော၍ ပင်ပန်းမှုများကို စိတ်အေးချမ်းမှုဖြင့် ဖြေဖျောက်နေကြသည်။


မိုးဦးစသည်နှင့် ထွန်ယက်စိုက်ပျိုးကြပြီး လယ်ဧက များသူများမှာ နှစ်လခွဲခန့်ကြာ စိုက်ပျိုးကြရသည်။ သို့သော် စိုက်ပျိုးရန်ရေနှင့် ပျိုးနုတ်သူ ကောက်စိုက်သမ အဆင်သင့်ရှိပါမှ၊ အဆင်သင့်မရှိလျှင် သုံးလခန့်ကြာအောင် စိုက်ပျိုးကြရသည်။ စိုက်ပျိုးပြီး၍ မနားရသေးချေ။ စိုက်ပျိုးပြီးသည့် လယ်ကွင်းသို့ လာရောက်၍ ပေါင်းမြက်နုတ်ခြင်း၊ လယ်ကတွတ်ပိတ်ခြင်း၊ မြေဆီ၊ မြေဩဇာ ထည့်ပေးခြင်းများ ပြုလုပ်ရသေး သည်။


မိုးကုန်၍ ဆောင်းကူးချိန်တွင် စပါးပင်များရင့်မှည့်ကာ ရိတ်သိမ်းကြရပြီး ကောက်လှိုင်းများ ကန်သင်းပေါ်တင်၊ ထယ်များထိုး၊ ထွန်များမွေကာ မတ်ပဲ၊ ကုလားပဲများပြန်၍ စိုက်ပျိုးကြသေးသည်။ ဤသို့ဖြင့် လယ်သမားများ၏ ဘဝသည် လယ်ကွင်းထဲမှာပင် တဝဲလည်လည်နှင့် ပြန်ရသည်မရှိဘဲ တစ်နှစ်ပတ်လုံး လုံးလည် ချာလည်လိုက်ကာ ထွန်ကြ၊ ယက်ကြ၊ စိုက်ပျိုးကြရင်းဖြင့် သီချင်းလေးများ ဆိုညည်းကာ ဘိုးဘွားလက်ထက်က ဆင်းသက်လာခဲ့သည့် မိရိုးဖလာ ရိုးရာအလုပ်များဖြစ်သော လယ်ယာလုပ် ငန်းများဖြင့် ပျော်မွေ့နေကြ လေတော့သည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)