MNP - ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၏ မြောက်ဖက် ရန်ကုန်-စစ်တွေကားလမ်းမဘေးတွင် တည်ရှိသော စမြုံတော်ဓာတ်နှင့်ဂူဝဘုရားဗုဒ္ဓပူဇနိယပွဲတော်နှင့်ရွှေထီးတော်တင်လှူပွဲတော်ကို ဖေဖော်ဝါရီလ ၄ ရက်မှ ၅ ရက်နေ့အထိ၊ စမြုံတော်ဓာတ်စေတီ ရွှေထီးတော်တင်လှူပွဲ၊ ဗုဒ္ဓါ့ဘိသေက အနေကဇာ တင်လှူပွဲ၊ သံဃာ့ဒါနဆွမ်းဆက်ကပ်လှူဒါန်းပွဲ၊ ရပ်ကွက်/ ကျေးရွာ ပေါင်းစုံ(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲနှင့်ပျော်ပွဲ၊ ရွှင်ပွဲတို့ဖြင့် ၂ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပွဲတော်အတွင်း ယနေ့မွန်းလွဲ ၁ နာရီက စမြုံတော်ဓာတ်စေတီနှင့်ဂူဝဘုရားစောင့်တန်း တစ်လျှောက်တွင် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးမှ ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော် အပါး ၁၄၅ ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် အပါး ၂၀ ကျော်တို့ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများက သဒ္ဒါတရား ထက်သန်စွာဖြင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား လောင်းလှူပေးခဲ့ကြကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သိန်းထွန်းက ပြောသည်။
အဆိုပါဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်လာမပျက် စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိပြီး၊ စမြုံတော်ဓာတ်စေတီကို သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် အမြင့်ပေ (၂၃၀)ပေရှိ သလ္လာမယတောင်ထိပ်ပေါ်တွင် ရခိုင်-ဓညဝတီပြည်ရှင် သူရိယစက္ကမင်းကြီး၏ တည်ထား ကိုးကွယ်ခဲ့သော ဗုဒ္ဓဗျာဒိတ်တော်ဝင် စမြုံတော်ဓာတ်စေတီဟု ခေါ်တွင်ခဲ့သည့် ဓာတ်တော် တစ်ဆူဖြစ်ကြောင်း၊ ဂူဝဘုရားမှာလည်း ရခိုင် မင်းဗာဘုရင် မင်းမြတ်က ကောဇာသက္ကရာဇ် ၈၉၇ ခုနှစ်တွင် အမြင့်ပေ ၂၂ ပေရှိသော ကျောက်တုံးကြီးအား ဂူပေါက်(၁၁)ပေါက် ဖောက်ထွင်းပြီး ဂူဘုရားများထုထွင်းကာ တည်ထားကိုးကွယ် ပူဇော်တော်မူခဲ့ကြောင်း ဘုရားသမိုင်း၏ အထောက် အထားအရ လေ့လာသိရှိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment