နေပြည်တော်ကောင်စီနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း


MNP  -   ဖေဖော်ဝါရီ ၆

ဘေးကင်းလုံခြုံသော အစားအစာများကို ဒေသအလိုက်ဖူလုံစွာထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသည့် အသားငါးများကို ပြည်သူများပေါပေါများများစားသုံးနိုင်ကြစေရန် နိုင်ငံတော်အစိုးရကဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့်မွေးမြူရေးကဏ္ဍတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကနဦးရင်းနှီးမတည်ငွေအဖြစ် ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ နည်းပညာအပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တက်ညီလက်ညီကြိုးပမ်း အားထုတ်ကြရန်တိုက်တွန်းပါကြောင်း ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။


ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာရှိ စည်းစိမ်သျှင်အသားတိုးဝက် မွေးမြူရေးခြံသို့ရောက်ရှိရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ရှိသူက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း မွေးမြူရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။


ကြည့်ရှုအားပေး


တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ကုန်ထုတ်လုပ်ငန်းများအားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍ နိုင်ငံတော်၏အသားတင်ထုတ်လုပ်မှုတန်ဖိုး တိုးတက်ရေးသည်ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တည်မှီနေသဖြင့် ဌာနနှင့်ပုဂ္ဂလိကများအကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေးမှာကြားပြီး CP အသားတိုးဝက်များမွေးမြူထားရှိမှုကို ကြည့်ရှုအားပေးသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအနီး တည်ဆောက်ပြီးစီးသည့် ဆင်သေချောင်း ယာယီရေထိန်းဆည်မှ လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးရေစတင်ပေးဝေနေမှု၊ ရှားဆေးဖိုကျေးရွာအနီး တည်ဆောက်ထားသည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပေးဝေမှုနှင့် ရေငြိမ်ကန်တည်ဆောက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေချိုသယံဇာတများ လေလွင့်ဆုံးရှုံးမှုလျှော့ချရေးနှင့် ထိရောက်စွာသုံးစွဲနိုင်ရေး၊ ရေအသုံးချသူများအဖွဲ့(WUG) များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။


ဆက်လက်၍ ပျဉ်းမနားမြို့နယ် ကျီးအင်းအုပ်စုကျီးဖြူရိုးရွာရှိ ပုဂ္ဂလိကအသားတိုးဝက်နှင့် အသားတိုးကြက်မွေးမြူရေးခြံတွင် မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်တိုးချဲ့လုပ်ကိုင်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှုရရှိရေးနှင့် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်ရှိ ဆက်စပ်လုပ်ငန်းများ ဝင်ငွေတိုးတက်ရရှိရေးအတွက် ကျရာအခန်းကဏ္ဍများက ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်ကြရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)