MNP - ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အောင်သုခ ကုန်းမြေပေါ်၌ ယမန်နေ့နံနက်(၉)နာရီအချိန်က အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်ထွဋ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာသူများက နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး သံဃာတော်အရှင်သူမြတ်များက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် နတ်ဒေဝါအပေါင်းတို့အား ပင့်ဖိတ်ကာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ဗဟိုသာသနာပြုခေါင်းဆောင် ဆရာတော် ဘဒ္ဒန္တသုမန (သာသနာ့ဓမ္မစရိယ) သာသနာတက္ကသီလ ဓမ္မစရိယ BA.Buddhism) ဆရာတော်အရှင်သူမြတ်ထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်မူခဲ့သည်။
ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ အမှူးပြုသော ဘုရားဒါယကာ ဒါယိကာမများ ဦးဆောင်လျှက် ရွှေထီးတော်၊ စိန်ဖူးတော်များနှင့် ကန်တော့ပွဲ လှူဖွယ်ဝတ္ထုများကို ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ဗဟိုသာသနာပြု ခေါင်းဆောင်ဆရာတော် ဘဒ္ဒန္တသုမန အရှင်သူမြတ်က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့သည်။
ယင်းနောက် ဘုရားဒါယကာ ဒါယိကာမများက ရွှေထီးတော်အဆင့်ဆင့်ကို အစဉ်အလိုက် ပင့်ဆောင်လျက် စေတီတော်အား လကျ်ာရစ်(၃)ပတ်လှည့်လည်ပူဇော်၍ ယာယီနေရာသို့ ပင့်ဆောင်ခဲ့သည်။ ထို့နောက် ထီးတော်တင်လှူပူဇော်ရာတွင် ပါဝင်ဆောင်ရွက်ကြမည့် သံဃာတော်များနှင့် ဘုရားဒါယိကာများက နေရာယူကြကာ မင်္ဂလာအချိန်တွင် စိန်ဖူးတော်အား အစီအစဉ်အတိုင်း တင်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုကာ သံဃာတော်အရှင်သူမြတ်တို့က ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော် ခဲ့ကြသည်။ ထို့နောက် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတော်တို့အား ဆက်ကပ်လှူဒါန်းပူဇော်ပြီး ပင့်ဖိတ်ထားသော နတ်ဒေဝါတို့အား ပြန်လည်ပို့ဆောင်ခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ဟန်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment