(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၀

၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ တိုင်းရင်းသားများ စုံလင်စွာဖြင့် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသည်။


ရှေးဦးစွာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဝန်ကြီးဌာန ပြခန်းများနှင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် ပြည်နယ်/တိုင်းဒေသ ကြီးပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝန်ကြီးဌာန ပြခန်းတာဝန်ခံများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းတာဝန်ခံ ဝန်ကြီးများကို ဖွင့်ပွဲအမှတ်တရ လက်ဆောင်များ ပေးအပ်သည်။


ယင်းနောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) နှင့် ပညာရေး ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ စုပေါင်း၍ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ဖော်ဆောင်သည့် “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” တေးသီချင်းဖြင့် စုပေါင်း ဂုဏ်ပြုသီဆိုဖျော်ဖြေကြသည်။


ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူတို့သည် ဝန်ကြီးဌာနအသီးသီး မှ ပြခန်း ၂၅ ခန်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြခန်း ၁၅ ခန်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်း ၁၅ ခန်း စုစုပေါင်း ဖွင့်လှစ်ပြသထားသည့် ဆိုင်ခန်းပေါင်း ၃၈၅ ခန်းတို့ကို လှည့်လည် ကြည့်ရှုအားပေးကြသည်။


ထို့နောက် ပြည်သူ့ရင်ပြင် ရေပန်းအနီးတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် ၂၉ ဇုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသေးစား၊ အငယ်စား၊ အလတ်စားထုတ်ကုန် ပစ္စည်းပြခန်းများနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် ၂၉ ဇုန်မှ စက်မှုဇုန်ကော်မတီဝင်ဥက္ကဋ္ဌများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။


ယင်းနောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက “ထာဝရသစ္စာ” တေးသီချင်း ဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။


(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများနှင့် ဈေးရောင်းပွဲတော်ကို ယနေ့မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ခင်းကျင်း ပြသသွားမည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း တိုင်းရင်းသားရိုးရာအကများ၊ ရုပ်ရှင်နှင့် ဂီတမှအနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကာ ညပိုင်း၌ မီးရှူး မီးပန်းများ ပစ်ဖောက်၍ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသွားမည်ဖြစ်ရာ အများပြည်သူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)