MNP - ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သစ္စာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ် (၂) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အိရွှေစင်ဦးက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်းနှင့် လူမှုရေးဆိုင်ရာဆိုးကျိုးအန္တရာယ်များအကြောင်းအား လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သန်းဆွေဦးက မူယစ်ဆေးဝါးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အားလည်းကောင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဆိုသည့် အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲနိုင်သည့် အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရင် ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါး မသုံးစွဲမိအောင် ဘယ်လိုအချိန်မီပြုပြင်တားဆီးမလဲ စသည့်အကြောင်းအရာများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် (၁၅၀)စောင် ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်အားပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လူမော်
https://t.me/MyanmarNationalPost
No comments:
Post a Comment