MNP - ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိတ္ထီလာမြောက်ကန် သစ်တော့ပင်မြောင်း သဲနုန်းတူးဖော်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ ရေပေးပြွန်များနှင့် ရေမြှင့်အဆောက်အအုံ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိတ္ထီလာမြောက်ကန်ရေသောက်စနစ်တွင်ပါဝင်သော သစ်တော့ပင်မြောင်းအဆုံးရှိ ရေတံခါးအဆောက်အအုံမှာ ပျက်စီးလျက်ရှိသည့်အတွက် စိုက်ပျိုးရေထုတ်လွှတ်ရာတွင် ရေလေလွင့်ဆုံးရှုံးမှုနှင့် ရေစီးရေလာအဟန့်အတားများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အရှည် ၁၆၉ ပေရှိ ကျောက်လိုင်နင်ခြင်းလုပ်ငန်း၊ Check Structure (၁)ခုနှင့် ရေတံခါး(၁)ခုတည်ဆောက်ခြင်းလုပ်ငန်းများကို နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရေလွှတ်ပေးရာတွင် ရေစီးရေလာကောင်းမွန်စေပြီး စိုက်ဧက ၄၆၀ အား စိုက်ပျိုးရေစနစ်တကျထိန်းညှိထုတ်လွှင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် သစ်တော့ပင်မြောင်း RD-1500 ရှိ ရေမြှင့်အဆောက်အအုံမှာ ပျက်စီးလျက်ရှိ၍ စိုက်ပျိုးရေထုတ်လွှင့်ရာတွင် ရေလေလွင့်ဆုံးရှုံးမှုများနှင့် ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အရှည် ၁၂၅ ပေရှိ ကျောက်လိုင်နင်ခြင်းလုပ်ငန်း၊ အကျယ် ၉ လက်မရှိ ကွန်ကရစ်ရေထုတ်ပြွန် ၁ လုံးနှင့် ရေတံခါး (၁)ခုတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ စိုက်ပျိုးဧက ၁၀၀၆ ဧကအား စိုက်ပျိုးရေဖြည့်ဆည်းပေးနိုင်ပြီး ရေစီးရေလာကောင်းမွန်စေမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment