MNP - ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ မန်ကျည်းသီးစျေးကွက်တွင် မန်ကျည်းသီးများ ပုံမှန်ဝယ်ယူလျှက်ရှိကြောင်း မြို့သစ်မြို့နယ်မှ သီးနှံမျိုးစုံရောင်း/ဝယ်သူတစ်ဦးထံကသိရသည်။
အညာဒေသတွင် မန်ကျည်းပင်များကို အများအားဖြင့် စိုက်ပျိုးခြင်းမရှိပဲ အလေ့ကျမန်ကျည်းပင်များကို ခြံပိုင်ရှင်၊ ဝိုင်းပိုင်ရှင်များက အသီးသီးရင့်မှည့်ချိန် ဆွတ်ခူးပုတ်ယူကာ ရောင်းချကြကြောင်း၊ မြို့သစ်မြို့နယ်အတွင်း ကျေးလက်တောင်သူများ၏ အလေ့ကျမန်ကျည်းပင်များက မိသားစု၏တဘက်တလှမ်းက ဝင်ငွေဖြည့်ဆည်းပေးနေသည့် အလေ့ကျပဒေသာပင်များဖြစ်ကြောင်း မန်ကျည်းကိုင်းများကို ခုတ်ကာထင်းအဖြစ်ပြုလုပ်၍ လည်းအသုံးပြုကြကြောင်း သိရသည်။
မန်ကျည်းပင်များကို တစ်သီးသီးပြီးတိုင်းခုတ်မှသာ မန်ကျည်းပင်များ ရွက်သစ်ဝေပြီး အကိုင်းအခတ်အထွက်သန်ကာ နောက်တကြိမ်ပြန်လည်အပွင့်ပွင့် အသီးသီးချိန်၌ မန်ကျည်းသီးအတာင့်ထွား/လှပကာအသီးမြိုင်မြိုင်သီးကြောင်းဒေသခံများကပြောသည်။
မြို့သစ်မြို့နယ်အတွင်း မန်ကျည်းပင်အမြောက်အများရှိကြပြီး မန်ကျည်းသီးရင့်မှည့်ချိန် ဆွတ်ခူးပုတ်ယူရောင်းချချိန် စတင်ပေါ်ချိန်တစ်ပိဿာကို တစ်ထောင့်ရှစ်ရာကျပ်ဖြင့် စတင်ရောင်းချခဲ့ရပြီး မန်ကျည်းသီးများ လှိုင်လှိုင်ပေါ်ချိန်စျေးကောင်းရရှိရန် ဒေသခံများမျှော်လင့်နေကြကြောင်း သိရသည်။
သန်းဝင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment