ရှင်ပင်ချမ်းသာကြီး ဓာတ်တော်ကုန်း စေတီတော်မြတ်ကြီး လာရောက်ဖူးမြော်ကြည်ညိုနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှင်ပင်ချမ်းသာကြီး ဓာတ်တော်ကုန်း စေတီတော်မြတ်ကြီး လာရောက်ဖူးမြော်ကြည်ညိုနိုင်





MNP   -   ဖေဖော်ဝါရီ  ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရှင်ပင်ချမ်းသာကြီး ဓာတ်တော်ကုန်းစေတီတော်မြတ်ကြီးအား ရွှေစက်တော်ဘုရားပွဲတော်ကာလတွင် အခြားအထင်ကရ နေရာများနည်းတူ ဖူးမြော်ကြည်ညိုနိုင်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။


ဓာတ်တော်ကုန်း စေတီတော်မြတ်ကြီးကို သက္ကရာဇ် ၇၈၈ ခုနှစ် နယုန်လတွင် မိုးညှင်းဓမ္မရာဇာမင်းနှင့် ရှင်ဘို့မယ်မိဖုရားကြီးတို့က မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များအား ဌာပနာကာ စေတီတော်တစ်ဆူ တည်ထားကိုးကွယ်တော်မူခဲ့သည်။ ထိုစေတီတော်အား မင်း၊ မိဖုရားနှင့် စစ်သည်ဗိုလ်ပါစုံလင်စွာ ရွှင်ကြည်လေးမြတ်သော သဒ္ဒါစိတ်များဖြင့် ဖူးမြော် ကြည်ညိုကြ ပြီး၊ မင်းနှစ်ပါတို့ ဘေးမသီရန်မခ စိတ်အေးချမ်းသာစွာ နေထိုင်လိုသဖြင့် ချမ်းသာကြီးစေတီတော်မြတ်ကြီးဟု ကမ္ပည်းမော်ကွန်းတင်ကာ ဘွဲ့တော်ချီခဲ့ လေသည်။


အမရပူရ ပထမမြို့တည်-နန်းတည် ဘိုးတော် မင်းတရားကြီးလက်ထက် နေ၊ လ အသွင် ထင်ရှားကာ ဇာတ်တော်ကြီးဆယ်ဘွဲ့ကို ပြုစုစီရင်ရေးသားတော်မူခဲ့သော ဦးဩဘာသ အရှင်သူမြတ်က ယင်းစေတီတော်ကို  အရံစေတီ (၂၀) ကျော်နှင့်တကွ ပြန်လည်မွမ်းမံ ပြင်ဆင်တော် မူခဲ့သည်။


ဆရာတော် မွမ်းမံပြင်ဆင်ပြီးနောက်တွင် စေတီတော်ကြီးမှာ ဟောင်းနွမ်း၍  ခြုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်ကာ ပျက်စီးနေသဖြင့် မြို့သူမြို့သားများနှင့် သဒ္ဒါကြည်လင် ပါရမီရှင် အပေါင်းတို့က သက္ကရာဇ် ၁၂၆၂ ခုနှစ် သီတင်းကျွတ်လတွင် စေတီတော်မြတ်ကြီး၏ ပျက်စီးယိုယွင်း မှုများကို ပြန်လည်ပြုပြင်ကာ ဇရပ်၊ တန်ဆောင်း၊ ဂန္ဓကုဋီတိုက် စသည်တို့ကို အသစ်ဆောက်လုပ် လှူဒါန်းခဲ့သည်။


စေတီတော် မြတ်ကြီးကို ဓာတ်တော်မွေတော်အစစ်များ ထည့်သွင်းဌာပနာထားသည့်အတွက် သာမောက် ရွှေဂူစေတီ ပြိုကျပျက်စီးသည့်အခါ ဆူရေ သုံးသောင်းကျော် ဓာတ်တော်များ တွေ့ရှိတော်မူလေသည်။ ၎င်းဓာတ် တော်များကို အဓိဋ္ဌာန်ဖြင့် ရေသပ္ပာယ်တော်မူရာတွင် ရေတွင် နစ်ချည်ပေါ်ချည်ဖြင့် တန်ခိုးပြတော်မူခြင်း၊ ဗောဓိပင်နှင့် ရွှေပလ္လင်ထက်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည့်သဏ္ဍာန်၊ မတ်ရပ် တော်သဏ္ဍာန် ပြတော်မူခြင်းတို့ကြောင့် ဗုဒ္ဓဓာတ်တော်များမှာ အစစ်ဖြစ်ကြောင်း သိခဲ့ရသည်။


ထိုကဲ့သို့ မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များအား တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင် တန်ခိုးကြီး စေတီတော်မြတ်ကြီးဖြစ်ခြင်း၊ စေတီတော် မြတ်ကြီးအပြင် အရံစေတီတော် (၆၂) ဆူအား တစ်စုတစ်ဝေးတည်း ဖူးမြော်နိုင်ခြင်း၊ ဘုရားပွဲတော် ကာလများတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်းတို့ကြောင့် ရွှေစက်တော်၊ စက္ကိန်းတဲနှင့် အခြားအထင်ကရ တန်ခိုးကြီးဘုရားများနည်းတူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လေ့လာလည်ပတ်ကာ ဖူးမြော်၍ ကြည်ညို သဒ္ဒါပွား များနိုင်ကြောင်း မင်းဘူးမြို့  ရှင်ပင်ချမ်းသာကြီး ဓာတ်တော်ကုန်း စေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)