ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းစစ်ဆေး


MNP   -    ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် ICJ ဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနေရာချထားရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ မူလနေရပ်သို့ ပြန်လည်နေရာချထားရေးနှင့် ယာယီစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအား ကွင်းဆင်းစစ်ဆေးရန် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။


လေ့လာကြည့်ရှု


ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီး ချုပ်တို့သည် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စစ်တွေမြို့ ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းရုံးသို့ သွားရောက်၍ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုလေ့လာကြရာ စီမံကိန်းတာဝန်ခံ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ပြည်နယ်ဦးစီးမှူး ဦးနေဦးက စစ်တွေဆိပ်ကမ်းတွင် သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ စစ်တွေမြို့မှ ပလက်ဝမြို့အထိ ရေကြောင်းခရီးဖြင့် လည်းကောင်း၊ ပလက်ဝမှအိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကုန်းလမ်းခရီးဖြင့် လည်းကောင်း၊ ကုန်ပစ္စည်းများ ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိသည့် အခြေအနေနှင့် ပလက်ဝဆိပ်ကမ်း တည်ဆောက် ပြီးစီးမှုအခြေအနေ၊ စီမံကိန်းပြီးစီးပါက နှစ်နိုင်ငံ ကုန်သွယ်မှုများစွာ တိုးတက်ကောင်းမွန်လာမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းပြီး စီမံကိန်းဧရိယာနှင့် ဆိပ်ခံတံတားတို့ကို လေ့လာကြည့်ရှုကြသည်။


ညှိနှိုင်းဆွေးနွေး


မွန်းလွဲပိုင်းတွင် အပြည်ပြည် ဆိုင်ရာ တရားရုံး (International Court of Justice – ICJ) ၌ တရား ရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ICJ ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပြီး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွပ်စွဲထားရှိသည့် အချက်များအား ချေပလွှာ (Counter Memorial) တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဝိုင်းဝန်းသုံးသပ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။


ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးကြပြီးပြပွဲ၌ ခင်းကျင်းပြသလျက်ရှိသည့် ဒေသထွက်ကုန်ပစ္စည်း အရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှု အားပေးကာ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနိုင် မည့်ကိစ္စရပ်များကို လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ မေးမြန်းဆွေးနွေး၍ဖွင့်ပွဲ၌ ရခိုင်ရိုးရာ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည့် စစ်တွေတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး အသက် ၅ နှစ်မှ ၁၂ နှစ်အကြား ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ၁၂ နှစ်အထက် ထပ်ဆောင်း ကာကွယ်ဆေး ထိုးပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများအား ကျောင်းသုံး စာရေးကိရိယာ၊ ဖြည့်စွက် အာဟာရနှင့်မုန့်များ ပေးအပ်ကြပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လိုအပ်သည်များကို ပံ့ပိုးပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားရှိသည့် စစ်တွေမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းကျောင်းတွင် အခြေခံနှင့်အဆင့်မြင့် စက်ချုပ်အတတ်ပညာဖြင့် လူမှုဘဝရပ်တည်နိုင် ရေးအတွက် တက်ရောက်သင် ကြားလျက်ရှိသည့် တိုင်းရင်းသားနှင့် ဘင်္ဂါလီသင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်သည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီး ချုပ်တို့သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ ICJ ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ် သည့် အစည်းအဝေးကို ကျင်းပပြုလုပ်ကြပြီး လုပ်ငန်းဆောင်ရွက် ချက်များအပေါ် အသေးစိတ်ညှိနှိုင်း ဆွေးနွေးကာ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)