MNP - ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ (၁၀၈)တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော်ဂေါပက အဖွဲ့မှကြီးမှူး၍ (၅၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် ၅နာရီခွဲ အချိန်က အဆိုပါစေတီတော်ရင်ပြင်ရှိပုပ္ပါရုံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာစေတီတော်ဝင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် ရဟန္တာများကို ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသောဘန (မဟာဂန္တဝါစကပဏ္ဍိတ) အမှူးပြုသော သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ကြသည်။
ယင်းနောက်ဆရာတော်ဘန္ဒန္တ သောဘနထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသည့် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြကာ နံနက်(၉:၃၀)တွင် မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ် ဖတ်ပူဇော်ပွဲအောင်ပွဲကို ကျင်းပခဲ့ပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက်လှူဒါန်းမှု အစုစုတို့အတွက် ဆရာတော်ဘဒ္ဒန္တသောဘနထံမှ ရေစက်သွန်းချတရားတော်နာယူခဲ့ကြသည်။
ထို့နောက်နေ့လယ်(၁၂:၀၀)၌ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသောဘန(မဟာဂန္တ ဝါစကပဏ္ဍိတ) အမှူးပြုသော သံဃာတော်အရှင်သူမြတ် (၄၅)ပါးအား စေတီတော်ဂေါပကအဖွဲ့အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဥပုသ်သီတင်းသီလစောင့်တည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ
https://t.me/MyanmarNationalPost
No comments:
Post a Comment