(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ် ဘာသာစကားသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ် ဘာသာစကားသင်တန်းဖွင့်ပွဲကျင်းပ


MNP   -   ဖေဖော်ဝါရီ ၆

(၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ် ဘာသာစကားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


တက်ရောက်


အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများ၊ သင်တန်းဆရာများနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။


ဦးစွာပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့်တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးနှင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားစေရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးထောက်ပံ့မှုရန်ပုံငွေဖြင့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကချင်ပြည်နယ်တွင် အခြေခံစက်ချုပ်သင်တန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ကျောက်မျက်သင်တန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသားရိုးရာ အစားအစာချက်ပြုတ်သင်တန်း၊ ရခိုင်ပြည်နယ်တွင် အိမ်တွင်းမှုသင်တန်း၊ အခြေခံနှင့်အဆင့်မြင့်စက်ချုပ်သင်တန်း၊ ရှမ်းပြည်နယ်တွင် ဝါးလက်မှုအခြေခံသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရေခဲမုန့်သင်တန်း၊ အဖျော်ယမကာသင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပူးပေါင်းဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။


ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအထောက်အပံ့ဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို တည်ဆောက်လျက်ရှိရာ မကြာမီဆောက်လုပ်ပြီးစီးတော့မည်ဖြစ်၍ ရှမ်းပြည်နယ်အတွင်းသာမက အနီးပတ်ဝန်းကျင်ဒေသများတွင် မှီတင်းနေထိုင်ကြသောတိုင်းရင်းသားလူမျိုးများအားလုံး အသက်မွေးဝမ်းကျောင်း သင်တန်းများတက်ရောက်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်တော့မည်ကို သတင်းကောင်းပါးလိုကြောင်း ပြောကြားသည်။


ဆက်လက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က သင်တန်းသား သင်တန်းသူများအား သင်ရိုးညွှန်းတမ်းစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံအမှာ  စကားပြောကြားသည်။ ဆက်လက်၍ ဝန်ထမ်းများကအထွေထွေ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)