(၇၆)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများနှင့် ဈေးရောင်းပွဲတော်ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများနှင့် ဈေးရောင်းပွဲတော်ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး



MNP ၊ ဖေဖော်ဝါရီ   ၇

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာဈေးရောင်းပွဲတော်အား ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာခင်းကျင်းပြသနိုင်ရေးကြိုတင်ပြင်ဆင်နေမှုများကို ဖေဖော်ဝါရီ(၅)ရက်ညပိုင်းက ပြခန်းများစီစဉ်ဆောင်ရွက်ရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။


ထို့သို့ကြည့်ရှုစစ်ဆေး‌ရာ ပြခန်းများစီစဉ်ဆောင်ရွက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ စည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်)ဦးဗိုလ်ဌေးက ဆိုင်ခန်းများ ခင်းကျင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြခန်းများစီစဉ်ဆောင်ရွက်ရေးဦးစီးကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်က  ပြခန်းနှင့်ဈေးရောင်းပွဲတော်တွင် ပါဝင်ပြသရောင်းချမည့် ဝန်ကြီးဌာနများ၏ ပြခန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြခန်းများမှကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ (၇၆)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်-ပြည်လမ်းတစ်လျှောက်နှင့် ပြည်သူရင်ပြင်ရှေ့တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံနှင့်နေပြည်တော်အပါ အဝင်တိုင်းဒေသကြီးများ၊ ပြည်နယ်များ၏ ကိုယ်စားပြုအလံများစိုက်ထူထားရှိမှုများ၊ ရောင်စုံမီးအလှများဖြင့် ပုံဖော်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကဏ္ဍအလိုက်လိုအပ်သည့်များကို တာဝန်ရှိသူများအား မှာကြားသည်။


၎င်းနောက်ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဈေးရောင်းပွဲတော်သို့ လာရောက်ကြည့်ရှုဝယ်ယူအားပေးကြမည့် အများပြည်သူအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဦးလျှင်အဝစား(၅၀၀)ကျပ်နှင့် အဝစား (၈၀၀)ကျပ်နှုန်းထားများဖြင့် တန်ဖိုးသင့်ထမင်းနှင့်ဟင်း အ‌ရောင်းဆိုင်များဖွင့်လှစ်ထားရာသို့ လာရောက်စားသုံးသူများကိုကြည့်ရှုအားပေးပြီး ချက်ပြုတ်ထားသည့်ထမင်း၊ ဟင်းများကို ကြည့်ရှုစစ်ဆေးပြီးအစာအစားများချက်ပြုတ်ရာတွင် သန့်ရှင်းစွာဖြင့် စီမံဆောင်ရွက်ကြရန်နှင့် ကျန်းမာရေးနှင့်သင့်တော်သည့်အစာအစားများကို ရောင်းချကြရန်မှာကြားသည်။


အဆိုပါပြခန်းနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်း(၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း(၁၅)ခန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဒေသထွက်ကုန်များနှင့် တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်း(၁၅)ခန်း စုစုပေါင်းပြခန်း(၅၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ စက်မှုဇုန်များမှ MSME ထုတ်ကုန်များအရောင်းပြခန်း(၃၅၆)ခန်းကို ဖေဖော်ဝါရီ(၁၀)ရက်မှ (၁၄)ရက်နေ့အထိ၊ နေ့စဉ်နံနက် ၉ နာရီ မှ ည ၁၀ နာရီခွဲအထိ ခင်းကျင်းပြသမည်‌ရောင်းချမည်ဖြစ်ကြောင်းနှင့် ပွဲတော်လာပရိတ်သတ်များအား တိုင်းရင်းသားရိုးရာအကများ၊ မျိုးဆက်သစ်အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်၍ အများပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။


ဆန်းကျော်ဦး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)