ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ စစ်တွေမြို့၌ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ စစ်တွေမြို့၌ကျင်းပ


MNP  -  ဖေဖော်ဝါရီ ၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပုရဝုဏ်အတွင်း၌ ကျင်းပသည်။


ပြည်နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက မြန်မာ့ရိုးရာ ထမနဲထိုးပွဲသည် ဒြပ်မဲ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာပွဲတော်တစ်ခုဖြစ်ပြီး ဆယ့်နှစ်လရာသီးပွဲတော်များထဲတွင် စာရင်းဝင်သည့် ပွဲတော် တစ်ခုလည်းဖြစ်ကြောင်း၊ ယမန်နေ့ထမနဲထိုးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း စည်းလုံးညီညွတ်စွာဖြင့် စည်းကမ်းစနစ်တကျ ရွှင်လန်းတက်ကြွစွာ ပြိင်ပွဲဝင်ကြမည်ဟုယုံကြည်ပါကြောင်း၊ စုပေါင်းထမနဲထိုးပြိုင်ပွဲသည် ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏စိတ်ဓာတ်ခွန်းအားများကို နေရာတစ်နေရာတည်းတွင် ပေါင်းစပ်စုစည်းပြီး အဖွဲ့လိုက်၊ အသင်းလိုက် စည်းလုံးညီညွတ်စွာဖြင့် အင်တိုက်အားတိုက် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ ထို့ပြင်ပါဝင်ယှဉ်ပြိုင်သူအားလုံး၏ညီညွတ်စွာ ပေါင်းစည်း ဆောင်ရွက်တတ်သော စိတ်ဆန္ဒခွန်အားများကို ဖော်ထုတ်သရုပ်ပြသရသော ပြိုင်ပွဲတစ်ခုဖြစ်ခြင်းကြောင့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ပါဝင်ယှဉ်ပြိုင်သွားကြရန် မှာကြားလိုပါကြောင်းနှင့်ရရှိလာသော အရသာကောင်းမွန်းသည့် ထမနဲများကို မြတ်စွာဘုရားရှင်ကို ရည်မှန်းပြီးဆက်ကပ်လှူဒါန်းခြင်း၊ ရဟန်းသံဃာတော်များနှင့် သက်ကြီးရွယ်အို များကိုလည်း လှူဒါန်းခြင်းဖြင့် မွန်မြတ်လှသည့် အာဟာရဒါနကုသိုလ်ကိုရရှိစေမည်ဖြစ်ကြောင်း ပြောကြား သည်။


ထို့နောက်ပြိုင်ပွဲဝင်ဌာနဆိုင်ရာဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြကာ ဒိုင်အဖွဲ့က အချက်ပြဝီစီမှုတ်လိုက်သည့်အချိန်တွင် တပျော်တပါးထမနဲထိုးကြသည်။ ပြိုင်ပွဲဝင်များ ထမနဲထိုးနေမှုအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး ရခိုင်ပြည်နယ်ယဉ်ကျေးမှုဆိုင်းဝိုင်းနှင့် အဆိုဝါသနာရှင် များကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးကြသည်။


ယင်းနောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်က ပထမဆုရရှိသော စစ်​တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာအထက်တန်း​ကျောင်း(စစ်တွေ) အသင်းအားလည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ဒုတိယဆုရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနအသင်းအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တတိယဆုရရှိသော ပြည်နယ်လွှတ်​တော်ရုံး၊ဥပ​ဒေရုံး၊ တရား​ရေး၊ စာရင်းစစ်ရုံးနှင့် ​ရွေးကောက်ပွဲကော်မရှင်အသင်းတို့အားလည်းကောင်းဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက စတုတ္ထဆု၊ ပဉ္စမဆုနှင့် နှစ်သိမ့်ဆုရအသင်းများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ပြိုင်ပွဲမှရရှိလာသော ထမနဲများကို ထမနဲထိုးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြသည့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း များအားပေးအပ်ကြသည်။


အဆိုပါပြည်နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၂၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသော အသင်းအား ဆုငွေကျပ်(၅)သိန်း၊ ဒုတိယဆုရရှိသောအသင်းအား ဆုငွေကျပ်(၃)သိန်း၊ တတိယဆုရရှိသောအသင်းအား ဆုငွေကျပ်(၂)သိန်း၊ စတုတ္ထဆုရရှိသော အသင်းအား ဆုငွေကျပ်(၁၅၀၀၀၀)၊ ပဉ္စမဆုရရှိသော အသင်းအား ဆုငွေကျပ်(၁)သိန်းနှင့် နှစ်သိမ့်ဆုရရှိသော အသင်းများအား ဆုငွေကျပ်(၅၀၀၀၀)စီပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


တင်ထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)