ရေနံချောင်းတက္ကသိုလ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းတက္ကသိုလ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ




MNP  -   ဖေဖော်ဝါရီ ၁၁

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၃)နှင့် (၂/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနာယက ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာချိုချိုမြင့်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကာ သင်တန်းဆင်းအောင်လက်မှတ်နှင့် ရေးဖြေစာမေးပွဲ ထူးချွန်ဆုများကို တစ်ဦးချင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းပို့ချပေးခဲ့သည့် မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရေနံချောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နည်းပြများအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများက ဂုဏ်ပြုလက်ဆောင်များ ဆက်လက်ပေးအပ်ခဲ့သည်။


သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများ ကိုက်ခြင်း၊ ကုတ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်း၊ အပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာ၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ ဆန်းစစ်ခြင်း စသည့် လူမှုဂရုဏာအကျိုးပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကို နည်းပြများက ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းဆင်းပွဲသို့ ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနာယက ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာယဉ်ယဉ်အေးနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မေဦးနှင့် အသင်းဝင်များ၊ မကေွးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)