စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း နွေစပါးသီးနှံ လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးနှင့် သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း နွေစပါးသီးနှံ လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးနှင့် သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲအခမ်းအနား တက်ရောက်





MNP  -   ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေးစပါးသီးနှံလျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအဝေးနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အရေးပါသည့်တိုင်းဒေသကြီးဖြစ်ပြီး ဒေသတွင်းဆန်ဖူလုံမှုမှာ ၂၁၂.၇၉ ရာခိုင်နှုန်းရှိသည့်အတွက် စိုက်ပျိုးရေးအားကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေဖြင့် တိုင်းဒေသကြီးတွင် နှစ်စဉ်မိုးစပါးဧက ၁၈ သိန်း၊ နွေစပါးဧက ၃ သိန်းခန့်၊ စုစုပေါင်း ၂၁ သိန်းကို ပုံမှန်အားဖြင့် စိုက်ပျိုးနိုင်ခဲ့သည့် တိုင်းဒေသ ကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍသည် တိုင်းဒေသကြီး စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းကျော် ပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံများစိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် သဖန်းဆိပ်ရေလှောင်တမံအပါအဝင် ဆည်၊ ကန်၊ တမံ ၄၁ ခုဖြင့် အကျိုးပြုဧရိယာ ၅ သိန်း ၆ သောင်းကျော်ဧကမှ နှစ်စဉ်မိုးစပါးဧက ၅ သိန်းခန့်၊ နွေစပါးဧက ၃ သိန်းခန့်နှင့် အခြားသီးနှံဧက ၁ သိန်းခန့် စိုက်ပျိုးနိုင်ရေး ရေပေးဝေနိုင်ခဲ့သလို မြစ်ရေတင်ဧရိယာများမှာလည်း နွေစပါး ၁၂,၀၀၀ ဧက၊ မြေအောက်ရေဖြင့် ၈,၇၀၀ ဧကခန့် စိုက်ပျိုးနိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ ယခုနှစ်တွင် သဖန်းဆိပ်ဆည်အတွင်း ဆည်ရေသိုလှောင်ထားရှိမှုအနေဖြင့် ဧကပေ ၂၂ သိန်းကျော် သိုလှောင်ထားရှိပြီး ဖြစ်သည့်အတွက် နွေစပါးလျာထားရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးစီမံဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ နွေစပါးအောင်မြင်ရေးသည် ရေရရှိရေးအပေါ်တွင် အဓိကမှီတည်နေတာ ဖြစ်တာကြောင့် နွေစပါးဧကပြည့်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေအပြည့်အဝပေးဝေနိုင်ရေး ဆည်မြောင်းနှင့်ရေအရင်းအမြစ်ဦးစီးဌာနများအနေဖြင့် ယခုကတည်းက စနစ်တကျကြိုတင်စီမံ ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)မှ ညွှန်ကြားရေးမှူး ဦးစောသက်ခိုင်ဝင်းက နွေစပါးရေပေးဝေမည့် အစီအစဉ်များ အားလည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးချိုလတ်က မြစ်ရေနှင့်မြေအောက်ရေတင်၍ စိုက်ပျိုးရေပေးဝေမည့် အစီအစဉ်များအားလည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းလွင်က နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ နှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်ဦးက နွေစပါးလျာထားဧကနှင့် စိုက်ပျိုးသွားမည့်အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုက ထွန်ယက်စိုက်ပျိုးမည့် အစီအစဉ်များအားလည်းကောင်း၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က နွေစပါးစိုက်ပျိုးရန်အတွက် လိုအပ်သည့်ဓာတ်မြေသြဇာများအား ပုဂ္ဂလိကကုမ္ပဏီများနှင့် ချိတ်ဆက်ပေးသွားမည့်အစီအစဉ် များအားလည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက နွေစပါး ဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေး သမဝါယမအစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်က တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကြည်ဝင်းက တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများပေးမှုများနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက တိုင်းဒေသကြီးအတွင်း နွေးစပါးသီးနှံလျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး အခြေအနေများ အား ဖြည့်စွက်တင်ပြဆွေးနွေးသည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံ နွေစပါးမျိုးစေ့များနှင့် ဘုတလင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ များထံ ဂျစ်ပဆန်မြေသြဇာများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက မုံရွာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံ မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့များနှင့် အီးအမ်(EM) ရွက်ဖျန်းမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မုံရွာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံ နေကြာမျိုးစေ့များနှင့် ယူရီးယားလက်ချား မြေသြဇာများနှင့် တိုင်းဒေသကြီးစီမံကိန်းဦးစီးဌာနရုံး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးနှင့် လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများအတွက် တာဝန်ရှိသူများထံ Home Garden တွင် စိုက်ပျိုးရန်နဂါးမောက်သီးပျိုးပင်များ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကအခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ပြီး ပြခန်းတွင်ပြသထားသော စိုက်ပျိုးရေးမျိုးစေ့၊ပျိုးပင်များနှင့် ထွက်ကုန်ပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)