နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် အာဆီယံတူညီဆန္ဒ(၅)ချက်အပေါ် မြန်မာနိုင်ငံ၏ရပ်တည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်းသည့် အမေးအဖြေကဏ္ဍ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် အာဆီယံတူညီဆန္ဒ(၅)ချက်အပေါ် မြန်မာနိုင်ငံ၏ရပ်တည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်းသည့် အမေးအဖြေကဏ္ဍ



မေး - အာဆီယံတူညီဆန္ဒ (၅)ချက်ပေါ်ပေါက်လာပုံနဲ့ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

ဖြေ - ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာလ်ဘိုလ်ကီးယားက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ “အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး (ASEAN Leaders’ Meeting)” ကို ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးဟာ ကိုဗစ်-၁၉ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း (၁)နှစ်ကျော်အကြာမှာ အာဆီယံခေါင်းဆောင်တွေလူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမယ့်အစည်းအဝေးဖြစ်တာကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပေးပါရန် ဖိတ်ကြားခဲ့ပါတယ်။ တကယ်တော့ မြန်မာ့အရေးဆွေးနွေးဖို့ အခြားခေါင်းစဉ်တပ်ပြီး အာဆီယံ ခေါင်းဆောင်များရဲ့ အလွတ်သဘောအစည်းအဝေးဆိုပြီး ခေါ်ယူကျင်းပခဲ့တာပဲဖြစ်ပါတယ်။


အဲဒီအစည်းအဝေးအစီအစဉ်ကို အပိုင်း(၃)ပိုင်းခွဲခြားပြုလုပ်ခဲ့ပါတယ်။ အပိုင်း(၁) အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊ (၂) အာဆီယံနှင့်ပြင်ပဆက်ဆံရေး၊ (၃) ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စများအပေါ် အမြင်ချင်းဖလှယ်ခြင်းတို့ ပါဝင်ပါတယ်။ အာဆီယံနိုင်ငံ့ခေါင်းဆောင် များအစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဆီယံဒေသတွင်းရေရှည် ကြံ့ကြံ့ခံနိုင်မှုရှိပြီး စဉ်ဆက်မပြတ် ဒေသတွင်းပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ပံ့ပိုးသွားမယ့်ကိစ္စရပ်တွေ၊ အာဆီယံရဲ့ဦးတည်ချက်တွေအောင်မြင်စေဖို့ အာဆီယံပဋိညာဉ်စာတမ်းနဲ့ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်(TAC)မှာပါတဲ့ အခြေခံမူတွေနဲ့အညီ အဖွဲ့ဝင်နိုင်ငံများနဲ့အတူ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေအပြင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ နိုင်ငံတော်အစိုးရ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကိုလည်း ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ပါတယ်။           


အဆိုပါ အစည်းအဝေးမှာ အခြားအာဆီယံခေါင်းဆောင်တွေက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများနဲ့ပတ်သက်လို့ ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။ ယင်းအကြံပြုချက်များနဲ့ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်မိန့်ခွန်းမှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်(၃)ချက်ဖြစ်တဲ့ (က) အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ အကြံပြုချက်အချို့ဟာ အပြုသဘောဆောင်တာကို မှတ်သားထားပါကြောင်း၊ နိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေပေါ်မူတည်ပြီးတော့ ထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း၊ (ခ) မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်မှုရှိရေးကို ဦးစားပေး ဆောင်ရွက်နေတာဖြစ်လို့ နိုင်ငံ့အကျိုးစီးပွားကိုအခြေခံပြီး အကြံပြုချက်တွေကို အလေးထားစဉ်းစားပေးမှာဖြစ်ကြောင်း၊ (ဂ) အကြံပြုချက်တွေဟာ နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုပြီး ASEAN Charter ၊ ASEAN Way ၊ ASEAN Spirit တို့ကို အခြေခံမယ်ဆိုရင်တော့ အပြုသဘော စဉ်းစားပေးသွားမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။


အဆိုပါ အစည်းအဝေးအပြီးထုတ်ပြန်ခဲ့တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်နောက်ဆက်တွဲမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ဆွေးနွေးမှုတွေပြုလုပ်ရေး၊ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ခန့်အပ်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို အာဆီယံ AHA စင်တာကတစ်ဆင့် ပေးအပ်သွားရေးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်ရေးတို့ပါဝင်တဲ့ တူညီဆန္ဒ(၅)ချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။


အဲဒီတူညီဆန္ဒ(၅)ချက် ထုတ်ပြန်မယ်ဆိုတာကို အာဆီယံဥက္ကဋ္ဌက အဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်အသိပေးညှိနှိုင်းခဲ့တာမဟုတ်ဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌကြေညာချက်ရဲ့ နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်လို့ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက် (ASEAN Consensus) နဲ့ချမှတ်ခဲ့တာမဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံများနဲ့ အပြုသဘောပူးပေါင်းဆောင်ရွက်မှုကို အာဆီယံအခြေခံမှုများနဲ့အညီ ဆောင်ရွက်ရန်ရပ်တည်ချက်နဲ့ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရေးမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


မေး - အာဆီယံတူညီဆန္ဒ(၅)ချက်အပေါ် မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကဘယ်လိုပါလဲ။

ဖြေ - အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ၂၄-၄-၂၀၂၁ ရက်နေ့ မှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးဟာ အာဆီယံပုံမှန်ထိပ်သီးအစည်းအဝေးအနေနဲ့ ကျင်းပခဲ့တာမဟုတ်ဘဲ အာဆီယံနိုင်ငံ့ခေါင်းဆောင်များရဲ့ အလွတ်သဘောအစည်းအဝေး ပုံစံနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။ တူညီဆန္ဒ(၅)ချက်နဲ့ အာဆီယံကဆောင်ရွက်မယ်ဆိုတာကို အာဆီယံဥက္ကဋ္ဌကအဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်ချပြခဲ့တာမဟုတ်ဘဲ အစည်းအဝေးအပြီး ဥက္ကဋ္ဌကြေညာချက်နောက်ဆက်တွဲမှာ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် တူညီဆန္ဒ (၅)ချက်ဟာ မြန်မာနိုင်ငံအတွက် ဥပဒေအရစည်းနှောင်မှုမရှိဘဲ အာဆီယံနိုင်ငံများအချင်းချင်း အပြုသဘောဆောင်တဲ့ အကြံပြုတိုက်တွန်းချက်တွေအပေါ်မှာ သက်ဆိုင်ရာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအပေါ်အခြေခံပြီး အာဆီယံမိသားစုစိတ်ဓာတ်နှင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ဖို့သာ မြန်မာနိုင်ငံအနေနဲ့ခံယူထားပါတယ်။ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ရပ်တည်ချက်တွေကို ၂၆-၄-၂၀၂၁ ရက်နေ့မှာ အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။


အဆိုပါ သတင်းထုတ်ပြန်ချက်ရဲ့ အဓိကအချက်တွေကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာကျင်းပခဲ့တဲ့ “အာဆီယံနိုင်ငံ့ခေါင်းဆောင်များအလွတ်သဘောအစည်းအဝေး (ASEAN Leaders’ Meeting)” ကို ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံဘုရင် ဆူလ်တန်ဟာဂျီဟာ ဆာနာလ်ဘိုလ်ကီးယားရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း၊ အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံအသိုက်အဝန်းထူထောင်ရေးကြိုးပမ်းမှုများနဲ့ ကိုဗစ်-၁၉ကူးစက်ရောဂါ ထိခိုက်နစ်နာဆုံးရှုံးမှုများမှ ပြန်လည်နာလန်ထူရေးလုပ်ငန်းစဉ်များ၊ အာဆီယံဥက္ကဋ္ဌရဲ့ ဦးစားပေးအစီအစဉ်များ အောင်မြင်စွာအကောင်အထည်ဖော်ရန် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဥက္ကဋ္ဌတို့နဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမယ့် မြန်မာနိုင်ငံရဲ့ကတိကဝတ်ပြုမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း၊ အစည်းအဝေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်ရဲ့တာဝန်ကို ၂၀၀၈ ခုနှစ်အခြေခံဖွဲ့စည်းပုံနှင့်အညီ တပ်မတော်က တာဝန်ယူ လွှဲပြောင်းရယူခဲ့ရတဲ့ အခြေခံအကြောင်းရင်း၊ ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်ပြောင်းလဲမှုအဆင့်ဆင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းထားပုံ၊ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့စပ်လျဉ်းပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံခေါင်းဆောင်များရဲ့ အပြုသဘောဆောင်သောအကြံပြုချက်တွေကို အလေးအနက်ထားပါကြောင်း၊ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်မှုရှိရေးကို ဦးစားပေးဆောင်ရွက်နေတာဖြစ်လို့ နိုင်ငံ့အကျိုး စီးပွားကိုအခြေခံပြီး အကြံပြုချက်တွေကို အလေးထားစဉ်းစားပေးမှာဖြစ်ကြောင်း၊ အကြံပြုချက်တွေဟာ နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုပြီး ASEAN Charter ၊ ASEAN Way ၊ ASEAN Spirit တို့ကို အခြေခံ မယ်ဆိုရင်တော့ အပြုသဘောစဉ်းစားပေးသွားမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် ထင်မြင်ချက်များမပေးမီ အစည်းအဝေးမှာဖြန့်ဝေတဲ့ အချက်အလက်တွေကို သေချာစွာလေ့လာပြီးမှ မှတ်ချက်ပြုစေလိုကြောင်း ပြောကြားခဲ့တာကို နိုင်ငံပိုင်သတင်းစာများမှ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။


အထက်မှာဖြေကြားခဲ့သလို မြန်မာနိုင်ငံဟာ အာဆီယံနဲ့တူညီဆန္ဒ(၅)ချက်ကိုသာမက အာဆီယံမဏ္ဍိုင်(၃)ရပ်နဲ့ အာဆီယံအသိုက်အဝန်းထူထောင်ရေးလုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ဒါကို မြန်မာကိစ္စကြောင့် အာဆီယံဟာအပိုင်းပိုင်းကွဲနေပြီ၊ မြန်မာ့အရေးကြောင့် အာဆီယံရဲ့လုပ်ငန်းစဉ်တွေ ရပ်တန့်နေတာမဖြစ်သင့်ဘူး စတဲ့စွပ်စွဲပြောဆိုရေးသားချက်တွေဟာ မြန်မာနိုင်ငံအတွက် မှန်ကန်မှုမရှိ၊ လိုရာဆွဲပြောဆိုနေတာဖြစ်ပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုး၊ ဖြေရှင်းမှုမျိုးကိုဖြစ်စေမှာမဟုတ်ဘဲ နားလည်မှုလွဲမှားစေရေး ပိုမိုဖြစ်စေဖို့တွန်းအားပေးနေသလို ဖြစ်နေပါတယ်။


အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံပဋိညာဉ် စာတမ်းပါအခြေခံမှုတွေနဲ့ ဆန့်ကျင်ပြီး အာဆီယံထိပ်သီးအစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို နိုင်ငံရေးအရ ကိုယ်စားပြုသူမဟုတ်သူကသာ တက်ရောက်ရမယ်ဆိုတဲ့ အစဉ်အလာလည်းမရှိ၊ တစ်ဖက်သတ်ဆန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဆောင်ရွက်နေတဲ့ အပေါ်လည်း အာဆီယံအတွင်းလက်မခံလိုတဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ရှိနေပါတယ်။ ဒီနေ့အခါမှာ အင်အားကြီးနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှုတွေကြောင့် အာဆီယံဟာတူညီဆန္ဒနဲ့ ဆွေးနွေးညှိနှိုင်းမှုကိုအခြေခံပြီး ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အစဉ်အလာကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။


မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့တွေအဖြစ် တရားဝင်ကြေညာထားတဲ့ NUG ၊ CRPH ၊ PDF တွေရဲ့ရဟန်းသံဃာတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ ကျောင်းသားကလေးသူငယ်တွေကို လူမဆန်စွာနဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်သတ်ဖြတ်တဲ့လုပ်ရပ်တွေကိုတော့ ဒေသတွင်းနဲ့ ကမ္ဘာ့မီဒီယာတွေကမဖော်ပြဘဲ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းမှား၊ သတင်းတုတွေကိုပဲ တစ်ဖက်စောင်းနင်းရေးသားဖော်ပြနေကြတာဟာ အကြမ်းဖက်မှု၊ အစွန်း ရောက်မှုကို အားပေးအားမြှောက်ပြုနေသလိုဖြစ်နေပါတယ်။ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပကတိအခြေအနေမှန်တွေကို လက်တွေ့ကျကျ အမှန်အတိုင်းရှုမြင်ပြီး မြန်မာနိုင်ငံအစိုးရနဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့လိုသလို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကချမှတ်ခဲ့တဲ့ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ဆိုပြီး စုစုပေါင်း အချက် (၁၅)ချက်ကိုချမှတ်ပြီး မြန်မာနိုင်ငံအပေါ် ထပ်မံဖိအားပေးဖို့ ကြိုးပမ်းဆောင်ရွက်နေတာဟာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အာဆီယံနဲ့အပြုသဘောပူးပေါင်းဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ အာဆီယံအသိုက်အဝန်းထူထောင်မှုအခန်းကဏ္ဍမှာ တက်တက်ကြွကြွ ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုတွေကို လျစ်လျူရှုထားသလိုဖြစ်တဲ့အပြင် အာဆီယံစိတ်ဓာတ်၊ အာဆီယံလမ်းစဉ်တွေကနေ သွေဖည်ဆောင်ရွက်နေတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ယင်းဆုံးဖြတ်ချက်(၁၅)ချက်နဲ့ပတ်သက်ပြီးတော့လည်း ၁၁-၁၁-၂၀၂၂ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။


မေး - အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ခန့်အပ်မှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ရပ်တည်ချက်ကိုလည်း ရှင်းပြပါဦး။


ဖြေ - မြန်မာနိုင်ငံက အာဆီယံတူညီဆန္ဒ(၅) ချက်မှာပါတဲ့ အချက်(၃)ဖြစ်တဲ့ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းနဲ့ အချက်(၅)ဖြစ်တဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်များမှာ မြန်မာနိုင်ငံရဲ့ အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်မှုကို ပြသတဲ့အနေနဲ့ အတတ်နိုင်ဆုံးဖြစ်သင့်၊ ဖြစ်နိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။


အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းမှာ အာဆီယံဘက်က မြန်မာနိုင်ငံရဲ့သမိုင်းစဉ်လာ၊ ပြည်တွင်းရေးပကတိအခြေအနေများနဲ့ နိုင်ငံတော်ရှေ့ဆက်သွားမယ့်လမ်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ ရိုးသားမှု၊ နားလည်မှုကိုအခြေခံတဲ့ အဆိုပြုချက်တွေကို ပြုလုပ် ပေးဖို့အရေးကြီးပါတယ်။


အာဆီယံဥက္ကဋ္ဌရဲ့ ပထမဆုံးအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ဖို့ အာဆီယံဘက်က ၂၀၂၁ ခုနှစ်မှာ ထိုင်းနိုင်ငံမှ ယခင်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗီယာဆပ်ဒီဖူထရာကူ၊ အင်ဒိုနီးရှားနိုင်ငံမှ ယခင်နိုင်ငံခြားရေးဝန်ကြီးဟာ ဆန်ဝီရာဂျူဒါနှင့် မလေးရှားနိုင်ငံမှ ရာဇလီအစ်ဇမေ တို့ရဲ့အမည်စာရင်းတွေကို မြန်မာအစိုးရဘက်သို့ အဆိုပြုပေးပို့ခဲ့ပါတယ်။ ၎င်းတို့အထဲက ထိုင်းနိုင်ငံမှ ယခင်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗီယာဆပ်ဒီဖူထရာကူကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံမှလက်ခံကြောင်း ၆-၇-၂၀၂၁ ရက်နေ့မှာ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံသို့ တရားဝင်အကြောင်းပြန်ကြားခဲ့ပါတယ်။ ဒါပေမယ့် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) ဒါတိုအီရာဝမ်ပီဟင်ယူဆွတ်ကို ခန့်အပ်ဖို့ပြောင်းလဲအဆိုပြုလာပြန်ပါတယ်။ အာဆီယံဘက်က အထူးကိုယ်စားလှယ်အဖြစ် မူလအဆိုပြုခဲ့တဲ့(၃)ဦးအပြင် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂)ကို ခန့်အပ်ဖို့ ပြောင်းလဲအဆိုပြုလာတာကြောင့် မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းကိုလက်ခံကြောင်း ပြန်ကြားခဲ့သော်လည်း အထူးကိုယ်စားလှယ်ခန့်အပ်ရေးကိစ္စဟာ ရှေ့မဆက်နိုင်ဖြစ်ခဲ့ရပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားဖြစ်တဲ့ အထူးကိုယ်စားလှယ်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တစ်ဦးမဖြစ်သင့်ကြောင်း၊ နိုင်ငံရေးလွှမ်းမိုးမှုတွေမရှိဘဲ လွတ်လပ်တဲ့ပုဂ္ဂိုလ်ကို ခန့်အပ်မှသာ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန်တွေကို လွတ်လပ်စွာထမ်းဆောင်နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ဖို့ အာဆီယံဘက်က ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂)ကို ပြောင်းလဲအဆိုပြုတာကို မြန်မာနိုင်ငံကလက်မခံနိုင်ကြောင်းကို စာနဲ့အကြောင်းပြန်ကြားခဲ့ပါ တယ်။


ဒါပေမယ့် ၂-၈-၂၀၂၁ ရက်နေ့မှာကျင်းပတဲ့ (၅၄)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မူလအဆိုပြုခဲ့တဲ့အမည်စာရင်းတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) ဒါတိုအီရာဝမ်ပီဟင်ယူဆွတ်ကို ခန့်အပ်ဖို့အဆိုပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံတူညီဆန္ဒ(၅)ချက်အပေါ် ဆောင်ရွက်နိုင်တာတွေကို ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ၄-၈-၂၀၂၁ ရက်နေ့မှာကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးမှာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) ဒါတိုအီရာဝမ်ပီဟင်ယူဆွတ်ကို ခန့်အပ်မယ့်ကိစ္စကို မြန်မာနိုင်ငံက သဘောတူပေးခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်(၃)ချက်ဖြစ်တဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာအစိုးရနဲ့ နီးကပ်စွာတရားဝင်ဆွေးနွေးမှုတွေပြုလုပ်ပြီး တူညီဆန္ဒ(၅)ချက်နဲ့အညီသာ လုပ်ငန်းတာဝန်တွေကိုဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံဟာ တူညီဆန္ဒ(၅)ချက်အပြင် အဆိုပြုချက်အသစ်တွေကို လက်ခံမှာမဟုတ်ကြောင်း၊ အထူးကိုယ်စားလှယ်ဟာ တာဝန်တွေထမ်းဆောင်တဲ့အခါ နိုင်ငံတစ်နိုင်ငံရဲ့လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာ၊ သာတူညီမျှရှိမှု၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့နဲ့ ပြင်ပဝင်ရောက်စွက်ဖက်မှု၊ သိမ်းသွင်းမှု၊ အကျပ်ကိုင်မှုတွေမပြုဘဲ မိမိနိုင်ငံရဲ့ကံကြမ္မာကို မိမိကိုယ်တိုင်ဖန်တီးနိုင်မှုဆိုတဲ့အခွင့်အရေးကို လေးစားဖို့ပြောကြားခဲ့ပြီး ယင်းပြောကြားချက်များကို အစည်းအဝေးမှာ မှတ်တမ်းတင်ထားရှိရေးပြောကြားခဲ့ပါတယ်။


မေး - မြန်မာနိုင်ငံအနေနဲ့ အာဆီယံတူညီဆန္ဒ (၅)ချက်ကိုဘယ်လို အကောင်အထည်ဖော်နေပါသလဲ။

ဖြေ - မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံတွင်းငြိမ်းချမ်းတည်ငြိမ်မှုရရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅) ရပ် အကောင်အထည်ဖော်ရေး ကြိုးပမ်းနေမှုနဲ့အတူတူ ညီဆန္ဒ(၅)ချက်အကောင်အထည် ဖော်ခြင်းကို အာဆီယံဥက္ကဋ္ဌရဲ့ ယခင်အထူးကိုယ်စားလှယ်များနဲ့ အပြုသဘောနီးကပ်စွာလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဟာ အာဆီယံတူညီဆန္ဒ (၅) ချက်မပေါ်ပေါက်ခင်ကတည်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ဦးတည်ချမှတ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်ကာ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းမှုရရှိရေးအတွက် ကြိုးပမ်းမှုများအပါအဝင်၊ လုပ်ငန်းစဉ်(၅)ရပ်ကို ဟန်ချက်ညီညီဆောင်ရွက်လျက်ရှိပါတယ်။


ငြိမ်းချမ်းရေးကြိုးပမ်းမှုများဟာ အကြမ်းဖက်မှုတွေရပ်တန့်ရေးအတွက် အာဆီယံမှတောင်းဆိုထားတဲ့ အချက်နံပါတ်(၁)ကို နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ ဆောင်ရွက်ပေးနေတဲ့အချက်ဖြစ်ပါတယ်။


၂၀၂၂ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်မှာလည်း ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Prak Sokhonn ကိုအာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စား လှယ်အဖြစ်ခန့်အပ်ခဲ့တာကို မြန်မာနိုင်ငံမှ သဘောတူလက်ခံခဲ့ပါတယ်။ Mr. Prak Sokhonn ရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိနဲ့ ဒုတိယအကြိမ်ခရီးစဉ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ လာရောက်ခဲ့တာတွေကိုလည်း မြန်မာနိုင်ငံမှ လိုအပ်သည်များပံ့ပိုး ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ၎င်း၏ခရီးစဉ်များအတွင်း မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက်မှ တွေ့ဆုံခွင့်စီစဉ်ပေးနိုင်မယ့်အဖွဲ့တွေနဲ့ တွေ့ဆုံခွင့်ရရှိဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့ခေါင်းဆောင် Dr. KUNG Phoak ရဲ့ မြန်မာနိုင်ငံခရီးစဉ်(၂) ကြိမ်ကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။


အထူးကိုယ်စားလှယ်များခန့်ထားမှု၊ လက်ခံပူးပေါင်းဆာင်ရွက်ပေးမှု၊ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကိုကြည့်ရင် မြန်မာအစိုးရဟာ တူညီဆန္ဒ(၅)ချက်ရဲ့ အရေးကြီးတဲ့အချက်တွေကို အာဆီယံနဲ့ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ တူညီဆန္ဒ(၅)ချက်ရဲ့ သိသာထင်ရှားတဲ့တိုးတက်မှုနောက် တစ်ခုကတော့ ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်နေတာကို မြန်မာနိုင်ငံအစိုးရမှ တိုင်းဒေသကြီး၊ ပြည်နယ်တွေအဆင့်အထိ အပြည့်အဝ ပူးပေါင်းဖြည့်ဆည်းပေးလျက်ရှိနေတာဖြစ်ပါတယ်။


မြန်မာနိုင်ငံကို AHA Centre မှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်တဲ့လုပ်ငန်းစဉ်ကို အဆင့်(၂)ဆင့်သတ်မှတ်ပြီး အကောင်အထည်ဖော်လျက်ရှိပါတယ်။ မြေပြင်မှာ AHA Centre ရဲ့ ရည်မှန်းချက်တွေ အောင်မြင်စွာအကောင်အထည်ဖော်နိုင်စေရေး အတွက်နဲ့ မူဝါဒဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုတွေကို အဆင်ပြေချောမွေ့စေဖို့ အပြည်အပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့ မြန်မာလုပ်ငန်းအဖွဲ့ (Myanmar Task Force) ကိုလည်း ဖွဲ့စည်းထားပါတယ်။ ယခုဆိုရင် ပထမ အဆင့်ဖြစ်တဲ့ အသက်ကယ်‌ရေးအကူအညီတွေပေးအပ်တဲ့ လုပ်ငန်းစဉ်ဟာ အောင်မြင်ချောမောစွာ ပြီးစီးခဲ့ပြီဖြစ်သလို ဒုတိယအဆင့်ဖြစ်တဲ့ ဘဝရှင်သန်တည်မြဲရေး အကူအညီတွေပေးအပ်ဖို့အတွက်ကိုလည်း မြန်မာနိုင်ငံက အာဆီယံနဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုမရှိဘူးလို့ပြောဆိုစွပ်စွဲ နေကြတာတွေက လုံးဝအခြေအမြစ်မရှိဘူးဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။


မေး - မြန်မာနိုင်ငံဟာ အာဆီယံနဲ့ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ့်အစီအစဉ်များကို သိလိုပါတယ်။

ဖြေ - အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံကောင်းပီသစွာနဲ့ အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်နဲ့ အာဆီယံအသိုက်အဝန်းထူထောင်ရေး မျှော်မှန်းချက်လမ်းပြမြေပုံတွေမှာပါရှိတဲ့ အာဆီယံ စံနှုန်းတွေ၊ အာဆီယံလမ်းစဉ်တွေ၊ အာဆီယံမူတွေပေါ်မှာ ခိုင်မာစွာရပ်တည်ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေလိုက်နာဆောင်ရွက်ရမယ့် ဘဏ္ဍာရေးပိုင်း၊ လုပ်ငန်းပိုင်း တာဝန်ဝတ္တရားတွေကို ကျေပွန်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


ယနေ့အချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေကို အကြောင်းပြုပြီးတော့ အာဆီယံပဋိညာဉ်စာတမ်းပါ စံနှုန်းတွေနဲ့အခြေခံမူတွေကို ကျော်လွန်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ကန့်ကွက်ဖိအားပေးမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ စည်းမျဉ်း အခြေခံတဲ့ အသိုက်အဝန်းထူထောင်ရေးကိုဦးတည်နေတဲ့ အာဆီယံအဖွဲ့ကြီးအပေါ် အများယုံကြည်လက်ခံနိုင်မှုကို ထိခိုက်စေတဲ့အပြင် အာဆီယံဗဟိုအချက်အချာကျမှုနဲ့ စည်းလုံးညီညွတ်မှုကိုပါ ထိခိုက်စေမှာကိုလည်း အထူးသတိပြုသင့်ပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုတွေ ဒေသအတွင်းစိမ့်ဝင်ပျံ့နှံ့မလာစေဖို့ အာဆီယံမှာကျင့်သုံးနေတဲ့ ကောင်းမွန်တဲ့ထုံးတမ်းစဉ်လာများနဲ့ အာဆီယံနိုင်ငံတွေနဲ့ ပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ တစ်နိုင်ငံချင်း စည်းလုံးညီညွတ်မှုတွေကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ဖို့နဲ့ မိမိတို့ရဲ့တစ်ဦးချင်းကိုယ်ကျိုးစီးပွားနဲ့ နိုင်ငံရေးလိုလား ချက်တွေကို ရှေ့တန်းမတင်ဖို့အရေးကြီးတဲ့ အချိန်အခါပင်ဖြစ်ပါတယ်။


အာဆီယံအဖွဲ့ကြီးစတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း(၅၅)နှစ်အတွင်း ဒေသတွင်းနိုင်ငံတွေအချင်းချင်း ချစ်ကြည်ရင်းနှီးစွာနဲ့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွေကတစ်ဆင့် ဒေသတွင်းနိုင်ငံရေးဟန်ချက်ညီမှု၊ စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုရေးနှင့် ယဉ်ကျေးမှု တိုးတက်ဖြစ်ပေါ်ရေးတို့ကို မြှင့်တင်နိုင်ခဲ့ကြပါတယ်။ အာဆီယံနိုင်ငံတွေအကြားမတူညီတဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးတိုးတက်မှုကွာဟချက် စတဲ့ကွဲပြားမှုတွေရှိနေပေမယ့် အဲ့လိုမတူညီမှုတွေနဲ့ပေါင်းစည်းထားတဲ့ အာဆီယံအသိုက်အဝန်းကတစ်ဆင့် ရရှိလာမယ့်ရလဒ်တွေနဲ့ အကျိုးစီးပွားတွေကို အတူတကွခံစားကြပြီး စိန်ခေါ်မှု၊ အခက်အခဲတွေကိုလည်း အာဆီယံလမ်းစဉ်၊ အာဆီယံညီညွတ်မှု၊ အာဆီယံစိတ်ဓာတ်တို့‌နဲ့ ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းသွားကြရမှာသာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံဟာ အာဆီယံရဲ့ဘုံရည်မှန်းချက်ဖြစ်တဲ့ “ပြည်သူရှေးရှု ပြည်သူ့ဗဟိုပြုအာဆီယံအသိုက်အဝန်းကြီး” ရေရှည်တည်တံ့စေဖို့နဲ့ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်တွေကို ပြည့်မြောက်အောင်မြင်နိုင်စေဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံ မိတ်ဖက်နိုင်ငံတွေနဲ့အတူ စုစည်းညီညွတ်စွာနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းမြှင့်တင်ပြီး မိတ်ဝတ်မပျက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)