MNP - ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် အားထားလုပ်ကိုင်လျက်ရှိရာ ဆောင်းသီးနှံဖြစ်သည့် ရွှေပဲသီးစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွှေပဲသီးကို နှစ်စဉ်ဒီဇင်ဘာလတွင် စိုက်ပျိုးကြောင်း၊ အစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး တစ်ပတ်အကြာတွင် အပင်စထွက်ကာသုံးပတ်အကြာတွင် မြေစိုက်ဝါးကတ်များ ထောင်ပေးရကြောင်း၊ တစ်လခွဲအကြာတွင် အပွင့်ပွင့်ပြီး နှစ်လအကြာတွင် အသီးများ ခူးဆွတ်ရောင်းချရကြောင်း၊ ခူးဆွတ်ရောင်းချရာ၌ နို့ဆီဗူးတစ်ဗူးလျှင် ငါးရာကျပ်ဖြင့်ရောင်းချရပြီး ဧပြီလနှင့် မေလများတွင် အသီးများရင့်မှည့်၍ အစေ့များခွာရောင်းပါက နို့ဆီဗူး တစ်ဗူးလျှင် တစ်ထောင်ကျပ်ဖြင့် ရောင်းချရကြောင်း၊ မိမိနေအိမ်ခြံဝင်းအတွင်းရှိ မြေကွက်လပ်တွင် သော် လည်းကောင်း၊ လယ်မြေအတွင်း၌သော်လည်းကောင်း သီးညှပ်စိုက်ပျိုးနိုင်ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ရွှေပဲသီးတစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသူ ဉီးစိုင်းရာစီခမ်းက ပြောသည်။
မိုင်းခုတ်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတောင်သူများသည် မိုးစပါးရိတ်သိမ်းပြီးအချိန်၌ မိမိလယ်ယာမြေအတွင်း ဆောင်းသီးနှံများဖြစ်သည့် ဂေါ်ဖီ၊ ပန်းမုန်လာနှင့် ရွှေပဲသီးများကို အများဆုံး စိုက်ပျိုးကြပြီး ထွက်ရှိလာသောသီးနှံများ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment