MNP - ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အ.ထ.က(ခွဲ) ကမ်းကြီးကျောင်း၌ ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်စေရန်၊ စာပေအသိမှ ပရိတ်သတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အ.ထ.က(ခွဲ)ကမ်းကြီးကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီရိမင်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာ ဖြိုးက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဖြိုးဝေလင်းက ဗလငါးတန် ဖွံ့ဖြိုးရေးအကြောင်း ဟောပြောခဲ့ပြီး လူငယ်နှင့်စာပေ၊ လူငယ်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်၊ Grade-11မှ မအိန္ဒြာဝင်း၊ မမင်းအိအိနိုင်၊ မောင်သက်နိုင်စိုးနှင့် Grade-10 မှ မရွှေစင်လင်း၊ မောင်ကောင်းခန့်ကျော်၊ မဇင်မာလှိုင်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက မြို့နယ် ပြန်/ဆက် ဦးစီးဌာန၊ ဝန်ထမ်းများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment