ပြည်တွင်းကြက်သွန်နီဈေးနှုန်း တည်ငြိမ်စွာဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်းကြက်သွန်နီဈေးနှုန်း တည်ငြိမ်စွာဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP   -     ဖေဖော်ဝါရီ ၁၄

ပြည်တွင်းကြက်သွန်နီ ဈေးနှုန်း တည်ငြိမ်စွာဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ-၁ ၌ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားသည်။


တိုးမြှင့်တင်ပို့


ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကြက်သွန်နီစိုက်ဧက ၁ ဒသမ ၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိပါကြောင်း၊ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိစေရေး၊ စားသုံးသူပြည်သူများ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ချိန်ညှိဆောင်ရွက်ရေးနှင့် ပြည်ပနိုင်ငံများသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ဟန်ချက်ညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။


ချိတ်ဆက်ဆောင်ရွက်


ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံများစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက ဈေးကွက်အခြေအနေနှင့် အလားအလာများ၊ ပြည်ပတင်ပို့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်မှကူညီပံ့ပိုးပေးရန် လိုအပ်ချက်များ၊ ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ လက်ရှိတင်ပို့နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ကြက်သွန်နီကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ အပါအဝင် ဈေးကွက်အလားအလာ ရှိသည့်နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး အစိုးရချင်းချိတ်ဆက်ဆောင်ရွက်ရေး၊ လိုအပ်သည့်အပင်ပိုးမွှား ရောဂါများကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်များ လွယ်ကူစွာ ထုတ်ယူရရှိနိုင်ရေး၊ ကောင်းမွန်သောစိုက်ပျိုးထုတ်လုပ်မှုကျင့်စဉ် (GAP) စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တောင်သူပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အပါအဝင် ပြည်ပဈေးကွက်သို့ ကြက်သွန်နီစဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်း ဈေးကွက် တည်ငြိမ်စေရေးတို့အတွက် ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးသည်။


တင်ပို့ရောင်းချ


အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စာဖိုဆောင်သုံး သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)