မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စိန်ရတုသို့ တိုင်ခဲ့လေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စိန်ရတုသို့ တိုင်ခဲ့လေပြီ





MNP   -    ဖေဖော်ဝါရီ     ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး သည် ယနေ့ (၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့)တွင် (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်၍ စိန်ရတုသို့ တိုင်ခဲ့လေပြီ။ ၁၉၄၈ ခုနှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့်အချိန်မှစ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားမှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုတို့ဖြင့် ထူးခြားသော ကာလရှည်ကြာ ချစ်ကြည် ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့သည်။ 


နိုင်ငံတကာအခင်းအကျင်းတွင် ပြောင်းလဲမှုများ ရှိလင့်ကစား မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုတို့သည် ဆက်လက်နွေးထွေး နီးကပ်နေကြဆဲပင် ဖြစ်သည်။ ရုရှားနိုင်ငံ၌ မြန်မာကျောင်းသားပေါင်းများစွာ ပညာသင်ယူခဲ့ကြပြီး နောက်ထပ်ပညာသင် များစွာလည်း ပညာသင်ယူလျက်ရှိသည်နှင့်အတူ နှစ်နိုင်ငံအကြား အထူးကောင်းမွန်သည့် ပြည်သူအချင်းချင်း  ဆက်သွယ်မှုများ လည်း ရှိခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ခက်ခဲသောကာလများတွင် အစဉ်တစိုက် ထောက်ပံ့ပေးမှု များလည်း ရှိခဲ့သည်။ 


နှစ်နိုင်ငံအဆင့်မြင့်အပြန်အလှန်ခရီးစဉ်များနှင့် နယ်ပယ်စုံ အဆင့်အသီးသီးတွင် ထိတွေ့ဆက်ဆံ၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှု ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ ၊ လူသားချင်း စာနာထောက်ထားမှု စသည်ဖြင့် နယ်ပယ်အသီးသီးတွင် ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးရလဒ်ကောင်းကို ဖြစ်ထွန်းစေခဲ့သည်။


 မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဒေသတွင်းနှင့် အာဆီယံ၊ အေဆမ်နှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံရှိ ပြည်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေရန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများလည်းရှိခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂-ခုနှစ် စက်တင်ဘာလတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ပိုမိုမြှင့်တင်သွားရန် သဘောတူခဲ့ကြသည်။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းမှတ်တိုင်တစ်ရပ်ကို အမှတ်ရဖော်ကျူးရန် အခါသမယတစ်ခုအဖြစ်သာမက နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်၍ အားသစ်လောင်း နိုင်မည့် အချိန်အခါတစ်ခုလည်းဖြစ်သည်။ မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် ယခုတစ်နှစ်တာ ကာလပတ်လုံး နှစ်နိုင်ငံတွင် အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများလည်း ကျင်းပသွားမည်ဖြစ်သည်။ 


ယခုကဲ့သို့ အရေးပါသည့် အခါသမယတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုခိုင်မာစေရန်နှင့် အာရှပစိဖိတ်ဒေသနှင့် ယင်းဒေသအပြင်ဘက် တည်ငြိမ်သာယာဝပြောရေးအတွက် အထောက်အကူဖြစ်စေပြီး ဘုံအကျိုးစီးပွား ဖြစ်ထွန်းစေသည့် ကဏ္ဍစုံ ၊နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်သွားရေးအတွက် ရုရှားနိုင်ငံအစိုးရနှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခါသမယ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထား သည်။


ယနေ့ (၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့)တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းလုံးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ် များတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကဏ္ဍစုံ၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မှတ်တမ်း ဓာတ်ပုံများကို ပြသထားရာ လမ်းသွားလမ်းလာများ၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)