ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


MNP   -   ဖေဖော်ဝါရီ  ၂၂

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တွေ့ဆုံသည်။


ဆွေးနွေး


တွေ့ဆုံစဉ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေဒေသနှင့်ဆက်စပ်သော ခရီးစဉ်ဒေသများ၌ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာစေ ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေဒေသ များ၌ ပွဲတော်ကာလများအတွင်း ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်မှု အဆင်ပြေစေရေးနှင့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ဟိုတယ်သို့ရောက်ရှိကာ ပုသိမ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှတာဝန်ရှိသူများကို တွေ့ဆုံသည်။ ရှေးဦးစွာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှု၊ ခရီးသွား မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်းဖော်ဆောင်နေမှုကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အချိန်တိုအတွင်း မူလအခြေအနေသို့ရောက်ရှိရန်နှင့် ထိုမှတစ်ဆင့် ပိုမိုတိုးတက်လာစေရေး အတွက် အသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်နိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းမှာ နိုင်ငံတော်အတွက် အကျိုးရှိသော လုပ်ငန်းဖြစ်သကဲ့သို့ ဒေသခံလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အပံ့ ဖြစ်စေပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်လာသည့်အတွက် ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်လာစေရန် အားလုံး ဝိုင်းဝန်းကြိုးစားသွားကြစေလိုပါကြောင်း၊ အလားတူ ပြည်တွင်းခရီးသွား လုပ်ငန်းတိုးတက်ရေး ကိုလည်း အလေးထားကြိုးစား အကောင်အထည်ဖော်သွားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွားဈေးကွက်ရရှိရေးကို ဆောင်ရွက်လျက်ရှိရာ အသင်းအဖွဲ့များနှင့် လုပ်ငန်း လုပ်ကိုင်သူများအားလုံး ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း၊ လုပ်ငန်းတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင်လည်း နိုင်ငံ၏ အကျိုးစီးပွား၊ ဒေသ၏ အကျိုးစီးပွားတို့ကို ဂရုစိုက်အလေးထား ကြရန်လိုအပ်ပါကြောင်း၊ ဟိုတယ်များအနေဖြင့် မိမိတို့ဟိုတယ်သို့ လာရောက်တည်းခိုကြသည့် ဧည့်သည်များ တန်ဖိုးနှင့်ညီမျှသော ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ချောင်းသာ ကမ်းခြေဒေသရှိ AZURA ဟိုတယ်တွင် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ခရီးသွားဧည့်သည်များ တိုးတက် ဝင်ရောက်လာရေးအတွက် မူဝါဒပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကဏ္ဍနှစ်ခုကို ဟန်ချက်ညီစွာ ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်ကြရေး၊ သဘာဝနှင့်လိုက်လျောညီထွေဖြစ်ပြီး မပျက်စီး သေးဘဲ ပကတိအတိုင်းသာယာလှပမှုရှိသော ကမ်းခြေဒေသများဖြစ်နေစေရေး၊ ဧည့်သည်များ ပိုမိုလာရောက်ကြရန် ဈေးကွက်မြှင့်တင်ကြော်ငြာရေး၊ ကမ်းခြေဒေသပတ်ဝန်းကျင်နှင့် ဆက်စပ်ပြီး ခရီးသွားဆွဲဆောင်ရာ နေရာများဖော်ထုတ်ကြရေး၊ ဒေသထွက်ထုတ်ကုန်များနှင့် ကြိမ်ထည် ပစ္စည်းများအား တွင်ကျယ်စွာအသုံးပြုကြရေးနှင့် ချောင်းသာဒေသခရီးသွားလုပ်ငန်း တိုးတက် ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေနေမှုကို လှည့်လည်ကြည့်ရှုသည်။


ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ငွေဆောင်ကမ်းခြေဒေသရှိ ယမုံနာဦးဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်-ငွေဆောင်ကားလမ်းဘေး ၁၉ မိုင် ငွေဆောင်အပန်းဖြေဆင်စခန်းသို့ သွားရောက်ကာ ခရီးသွားဧည့်သည်များ ဆင်စီးအပန်းဖြေ အနားယူနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုသည်။


ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုသိမ်ရုံးခွဲသို့ရောက်ရှိကာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနသည် ဝန်ဆောင်မှုပေးရသောဌာနဖြစ်သည့်အတွက် လုပ်ငန်းလုပ်ကိုင်သူများ အား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးပေးရန် မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)