ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အတူတကွလေ့လာရေးခရီးသွားရတဲ့အတွက် ဝမ်းသာကြည်နူးမှုကိုခံစားရပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အတူတကွလေ့လာရေးခရီးသွားရတဲ့အတွက် ဝမ်းသာကြည်နူးမှုကိုခံစားရပါတယ်











ခေါင်ဂျုံး(ကချင်ပြည်နယ်ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)


နေပြည်တော်၌ ကျင်းပမည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။


အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု လေ့လာရေးအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဖွားတိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာအတူတကွနေပြည်တော်အတွင်း လေ့လာကြည့်ရှုရသည့်ခံစားချက်များကို မေးမြန်းရေးသားတင်ပြလိုက်ရပါသည်။


မဟိန်းထက်ထက်လှိုင်(ချင်းပြည်နယ်ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)


ကျွန်မတို့အနေနဲ့ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားရိုးရာအကအလှတွေနဲ့ ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။ ဒီလို ဖျော်ဖြေခွင့်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ နေပြည်တော်ကိုမရောက်ဖူးပါဘူး။ အခုမှပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါတယ်။ အခုလို နေပြည်တော်ရဲ့အထင်ကရနေရာတွေကို တာဝန်ရှိသူတွေက လိုက်လံပို့ဆောင်ပေးတဲ့အတွက် ပျော်ရွှင်မိသလိုကျေးဇူးလည်းတင်ရှိပါတယ်။ နောက်ရက်တွေမှာလည်း ဗဟုသုတရဖွယ်နေရာတွေကို လိုက်လံပို့ဆောင်ပေးမယ်လို့လည်း သိရှိရပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေတာကို ဖူးမြင်ရတော့ အံ့ဩဝမ်းသာ ကြည်နူးမိပါတယ်။


ဒေါ်နော်ကြူကြူသန်း (အဖွဲ့ ခေါင်းဆောင်၊ ကရင်ပြည်နယ်ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)        


ကျွန်မတို့အဖွဲ့မှာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ လှိုင်းဘွဲ မြို့နယ်ကယဉ်ကျေးမှုအဖွဲ့တွေပါဝင်ပါတယ်။ ဒီအဖွဲ့တွေဟာ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့မှာ ပထမဆုရတဲ့ဒုံးယိမ်းအဖွဲ့ကို ခေါ်လာခြင်းလည်းဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုညစာစားပွဲမှာကရင်ဒုံးယိမ်းအကနဲ့ ဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပါတယ်။ ကျွန်မတို့ယဉ်ကျေးမှုအဖွဲ့က ကလေးတွေကို နေပြည်တော်မှာရှိတဲ့ ဗဟုသုတရဖွယ်နေရာတွေ၊ အထင်ကရနေရာတွကို လိုက်ပို့ခွင့်ရတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။ လိုက်လံပို့ဆောင်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မတို့ယဉ်ကျေးမှုအဖွဲ့ လည်ပတ်ခွင့်ရတဲ့အတွက်လည်း သူတို့အစားဂုဏ်ယူမိပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဖူးမြင်ရတဲ့အတွက်လည်း ကြည်နူးမိပါတယ်။


စောအဲဖော့သီု (ကရင်ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)


ကျွန်တော် နေပြည်တော်ကို အခုမှပထမဆုံးရောက်ဖူးခြင်းဖြစ်ပါတယ်။ နေပြည်တော်ရဲ့ခမ်းနားမှုက ကျွန်တော့်အတွက်အံ့ဩစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ နောက်ပြီး ပြည်ထောင်စုနေ့မှာ ပါဝင်ဖျော်ဖြေရမယ့်အပြင် အထင်ကရနေရာတွေကိုလည်း လိုက်ပို့ပေးတဲ့အတွက် အတိုင်းမသိပျော်ရွှင်မိပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက်လည်း ကြည်နူးမိပါတယ်။ အရင်ကတီဗွီနဲ့ သတင်းစာတွေထဲမှာသာမြင်ဖူးတဲ့ လွှတ်တော်အဆောက်အအုံကြီးကို အခုလိုအပြင်မှာ မြင်လိုက်ရတာဟာ ကျွန်တော့်ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခုလည်းဖြစ်ပါတယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အတူတကွလေ့လာခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။


ခေါင်ဂျုံး(ကချင်ပြည်နယ် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)


မနှစ်ကတော့ နေပြည်တော်ကို တစ်ခေါက်ရောက်ခဲ့ဖူးပါတယ်။ ဒီနှစ်ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့အဖွဲ့အနေနဲ့ ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ နေပြည်တော်မှာရှိတဲ့ အထင်ကရနေရာတွေကို လိုက်လံပို့ဆောင်ပြသပေးတဲ့အတွက် စိတ်ထဲ ပျော်ရွှင်မိပါတယ်။ အတွေ့အကြုံအသစ်တွေ၊ ဗဟုသုတအသစ်တွေလည်း တိုးပွားတဲ့အတွက် အဖိုးတန်တဲ့ လေ့လာရေးခရီးတစ်ခုလည်းဖြစ်ပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပူဇော်နေတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျွန်တော်တို့သိရှိအောင် ရှင်းလင်းပြောကြားပေးတဲ့ တာဝန်ရှိသူတွေကိုလည်းကျေးဇူးတင်ရှိပါတယ်။ နောက်ပြီးပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ အတူတကွ လေ့လာရေးခရီးသွားရပြီးတွေ့ဆုံရတဲ့အတွက်လည်း ဝမ်းသာကြည်နူးမှုကိုခံစားရပါတယ်။


ဦးခင်မောင်လေး(အကနည်းပြ၊ ကယားပြည်နယ်ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့)


(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့အဖွဲ့ပါဝင် ဆင်နွှဲခွင့်ရတဲ့အတွကအတိုင်းမသိဝမ်းသာပီတိဖြစ်မိပါတယ်။ နေပြည်တော်ကအထင်ကရနေရာတွေကို လေ့လာရေးပို့ဆောင်ပေးတဲ့အတွက်လည်း အသိအမြင်ဗဟုသုတတွေ၊ အတွေ့အကြုံတွေလည်း ရရှိခဲ့ပါတယ်။ နေရာစုံအောင် ပို့ဆောင်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက် ကျွန်တော့်ရင်ထဲမှာ အေးချမ်းသာယာပြီး အတိုင်းမသိဝမ်းသာကြည်နူးမှုကိုခံစားရပါတယ်။ နောက်ပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ တွေ့ဆုံဖို့ဆိုတာခဲယဉ်းလှပါတယ်။ အခုလိုနေပြည်တော်မှာ အတူတကွတွေ့ဆုံခွင့်ရတဲ့အပြင် လေ့လာရေးအနေနဲ့ပါ လည်ပတ်ခွင့်ရတဲ့အတွက် ကျွန်တော့်အတွက်တန်ဖိုးရှိတဲ့ အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)