MNP - ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၏ မြောက်ဖက် ရန်ကုန်-စစ်တွေကားလမ်းမဘေးတွင် တည်ရှိသော စမြုံတော်ဓာတ်နှင့်ဂူဝဘုရားဗုဒ္ဓပူဇာနိယဘုရားပွဲတော်နှင့်ရွှေထီးတော်တင်လှူ ပွဲကို ယနေ့၊ နံနက် (၉)နာရီက စမြုံတော်ဓာတ်စေတီ ရွှေထီးတော်တင်လှူပွဲ၊ ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပွဲ၊ သံဃာ့ဒါန ဆွမ်းဆက်ကပ်လှူဒါန်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ရပ်ကွက်/ကျေးရွာ ပေါင်းစုံ(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ကျား/မ လွန်ဆွဲစသည့် ပျော်ပွဲ၊ ရွှင်ပွဲ တို့ဖြင့် ၂ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသည်။
ရှေးဦးစွာ ယနေ့၊ နံနက်(၉)နာရီက စမြုံတော်ဓာတ်စေတီ၏ အာရုံခံ ဓမ္မာရုံတော်၌ မြို့နယ်သံဃာ့ နာယကဆရာတော်ကြီးများအား ပင့်ဖိတ်ပြီး၊ ပညာပါရမီ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ စမြုံတော်ဓာတ်စေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူပွဲကို ကျင်းပခဲ့ကြသည်။ ထိုနောက် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာ တင်လှူပွဲကို ဆက်လက်ကျင်းပကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ ဘုရားဂေါပက အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ တက်ရောက် ကြည်ညိုခဲ့ကြပြီး၊ ဘုရားဂေါပကအဖွဲ့
ဥက္ကဋ္ဌ ဦးမောင်သိန်းထွန်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားပြီး၊ ပင့်ဖိတ် ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း အစဉ်လာမပျက် စည်းကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ စမြုံတော်ဓာတ်စေတီကို သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် အမြင့်ပေ (၂၃၀)ရှိ သလ္လာမယတောင်ထိပ်တွင် ရခိုင်-ဓညဝတီပြည်ရှင် သူရိယစက္ကမင်းကြီး တည်ထား ကိုးကွယ်ခဲ့သော ဗုဒ္ဓဗျာဒိတ်တော်ဝင် စမြုံတော်ဓာတ်စေတီဟု ခေါ်တွင်ခဲ့သော ဓာတ်တော် တစ်ဆူဖြစ်ပြီး၊ ဂူဝ ဘုရားမှာလည်း ရခိုင် မင်းဗာဘုရင် မင်းမြတ်က ကောဇာသက္က ရာဇ် ၈၉၇ ခုနှစ်တွင် အမြင့်ပေ ၂၂ ပေရှိသော ကျောက်တုံးကြီးအား ဂူပေါက် (၁၁)ပေါက် ဖောက်ထွင်းပြီး ဂူဘုရားများထုထွင်းကာ တည်ထားကိုးကွယ် ပူဇော်တော်မူခဲ့ကြောင်း ဘုရားသမိုင်း၏ အထောက်အထားအရ လေ့လာသိရှိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment