MNP - ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများအား ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကျောင်းသား၊ ကျောင်းသူများ အမိမြန်မာနိုင်ငံတော်၏ နေ့ထူးနေ့မြတ်များကို အမှတ်ရနေစေရန်၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများအား ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဟောပြောပွဲအား ဆက်လက်ပြုလုပ်ရာ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗြိတိသျှအစိုးရ၏ တောင်တန်း၊ ပြည်မခွဲခြားအုပ်ချုပ်ခဲ့ပုံများ၊ တိုင်းရင်းသားပေါင်းစုံတို့၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြပုံများ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် စာအုပ်စာစောင်ပြပွဲနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအား ဆက်လက်ပြုလုပ်ရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် အဆိုပါဟောပြောပွဲနှင့်ပြပွဲသို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment