သထုံမြို့နယ် အလံတရာစေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ ငှက်မြတ်နားနှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲ ၁၁ ရက်ကြာ စည်ကားစွာ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ် အလံတရာစေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ ငှက်မြတ်နားနှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲ ၁၁ ရက်ကြာ စည်ကားစွာ ကျင်းပ






MNP   -   ဖေဖော်ဝါရီ    ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စုရှိ အလံတရာ မဟာသောဏ္ဍာယ ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ ငှက်မြတ်နားနှင့် စိန်ဖူးတော် တင်လှူပူဇော်ပွဲကို ၁၁ ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


စေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ ငှက်မြတ်နားနှင့် စိန်ဖူးတော် တင်လှူပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှ စတင်ကာ နေ့စဥ်နံနက်ပိုင်းအချိန်များ၌ ထီးတော်ဘုံအဆင့်ဆင့်အစိတ်အပိုင်းများကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ယောဂီသူတော်စင်များနှင့် ရပ်နီးရပ်ဝေးမှ ၇ ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမများမှ စုပေါင်း၍ စေတီတော်အထက်သို့ ပန်းရထားဖြင့် တင်လှူပူဇော်ကြပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ငှက်မြတ်နားနှင့် စိန်ဖူးတော် တို့ကို နောက်ဆုံးတင်လှူပူဇော်ကာ ကောင်းမှုကုသိုလ်များအတွက် အနုမော ဒနာ ရေစက်ချတရားတော်နာ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


ပူဇော်ပွဲသို့ ကြွရောက်လာသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအား စတုဒီသာဧည့်ခံမဏ္ဍပ်များဖွင့်လှစ်ကာ သက်သတ်လွတ်စားဖွယ် အဟာရများဖြင့် နေ့စဥ် နံနက်ပိုင်းမှ ညပိုင်းအထိ ကျွေးမွေး၍ ညနေပိုင်းတွင်တိုင်းရင်း သားရိုးရာယဥ်ကျေးမှုအကများ၊ ပဒေသာဇာတ်ပွဲများဖြင့် ဧည့်ခံဖျော်ဖြေ လျက်ရှိကြောင်း သိရသည်။


စေတီတော်မြတ်ကြီးမှာ ကျေးဇူးတော်ရှင် အလံတရာဆရာတော်ကြီး ဘဒ္ဒန္တစန္ဒနဝံသ ဦးဆောင်ဖွဲ့စည်းသည့် ပါရမီဆယ်ပါးအဖွဲ့ဝင်များနှင့်အတူ ရပ်ဝေးရပ်နီးမှ ၇ ရက်သားသမီးများက မြန်မာသက္ကရာဇ် ၁၃၁၄ ခုနှစ်တွင် ရွှေစေတီ ၊ ၁၃၁၆ ခုနှစ်တွင် လက်မတစ်ရာစေတီ၊ ၁၃၁၉ ခုနှစ်တွင် ပေတစ်ရာစေတီ ၊ ၁၃၂၀ ခုနှစ်တွင် အတောင်တစ်ရာစေတီ၊ ၁၃၂၁ ခုနှစ်တွင် အတောင်တစ်ရာရှစ်ဆယ်စေတီ၊ ၁၃၃၅ ခုနှစ်တွင် (ဆယ်နှစ်အရွယ်ရှိသူ၏ လက်အလံ တစ်ရာဖြင့်ညီမျှသည့်) အလံတစ်ရာစေတီတို့ကို အဆင့်ဆင့် ဥာဏ်တော်မြင့် တည်ထားပူဇော်ခဲ့ပြီးနောက် ၁၃၃၉ ခုနှစ် တပေါင်းလဆန်း၌ ကျောက် မျက်ရတနာ စိန်ဖူးတော်ကို တင်လှူပူဇော်ခဲ့ကြောင်း စေတီတော်သမိုင်းကျောက်စာ၌ မြန်မာ-ပအိုဝ်း နှစ်ဘာသာဖြင့် ဖော်ပြထားသည်။


အဆိုပါ ဆံတော်ရှင်စေတီတော်​​မြတ်​ကြီးမှာ နှစ်ပေါင်းကြာမြင့်လာသည်နှင့်အမျှ ပျက်စီးယိုယွင်းမှုများရှိလာသောကြောင့် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်မှစတင်ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ ပါရမီ ၁၀ ပါးအဖွဲ့ဝင်များနှင့်အတူ  ရပ်နီးရပ်ဝေးမှ ၇ ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမများ၏ ဒါနကုသိုလ်၊ လုပ်အားဒါနများဖြင့် ၃၇၇ ပေ ၆ လက်မထိ လုံးတော်ပြည့် ဥာဏ်တော်မြှင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီးနောက် ယခုနှစ် (၁၃၈၄ ခုနှစ်) တွင် ရွှေထီးတော်၊ ငှက် မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား အသစ်တင်လှူပူဇော်ရခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)