နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်မှုဝန်ကြီးဌာန၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်မှုဝန်ကြီးဌာန၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အား သွားရောက်ကြည့်ရှုစစ်ဆေး







MNP ၊ ဖေဖော်ဝါရီ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာန၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့အား သွားရောက်ကြည့်ရှုစစ် ဆေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့မှ ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စက်ရုံ အစည်းအဝေးခန်းမတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း ညွှန်ကြားရေးမှူးတို့က အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့၏ နောက်ခံသမိုင်း အကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များ၊ စတင်လည်ပတ်ချိန်မှ ရပ်နားခဲ့ရသည်အထိ စက္ကူပျော့ဖတ်၊ စက္ကူနှင့် သတင်းစာစက္ကူ၊ ထုတ်လုပ်နိုင်ခဲ့မှု၊ သွင်းအားစုနှင့် ထုတ်ကုန်အမျိုးအစားများ၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ခဲ့မှုများ၊ ဝန်ထမ်းများတာဝန် ထမ်းဆောင်နေမှု၊ စက်မှုကုန်ကြမ်း သစ်စိုက်ခင်းများ ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာနှစ်အလိုက် ဝန်ထမ်းလစာပေးချေနေရမှုနှင့် ပင်စင်လစာပေးချေထားရှိမှု၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့မှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက မအူပင်ဓာတ်ငွေ့တွင်းမှ ဓာတ်ငွေ့ထွက်ရှိနေမှု၊ မအူပင်ရေနံမြေနှင့် ညောင်တုန်းရေနံမြေတို့မှ သဘာဝဓာတ်ငွေ့ ထွက်ရှိမှုနှင့် သက်ဆိုင်ရာစက်ရုံများသို့ ဖြန့်ခွဲပေးပို့လျက်ရှိမှု၊ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့အား လည်ပတ်နိုင်ရေးအတွက် ဓာတ်ငွေ့လိုအပ်ချက်နှင့် ဓာတ်ငွေ့ပိုက်လိုင်းများကို စစ်ဆေးပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုအပ်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့အတွက် သဘာဝတောများမှ ဝါးကုန်ကြမ်းများရရှိနိုင်မှု၊ နိုင်ငံအဝန်းပေါက်ရောက်လျက်ရှိသည့် ဝါးအမျိုးအစားများနှင့် စက္ကူထုတ်လုပ်နိုင်မှု၊ သာပေါင်းစက္ကူစက်ရုံတည်ရှိရာဒေသ၌ နှစ်စဉ်ဝါးရရှိနိုင်မှု၊ ဝါးအမျိုးအစားများအလိုက် စိုက်ခင်းတည်ထောင်မည်ဆိုပါက တစ်ဧကထွက်ရှိနိုင်မှု၊ စက္ကူပျော့ဖတ်များ ထုတ်လုပ်နိုင်ရန်အတွက် ကြီးမြန်သစ်မျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။


ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့အား စက်ကိရိယာများ ပြန်လည်စစ်ဆေးခြင်း၊ ပြုပြင်ခြင်းများပြုလုပ်နိုင်ရေး စက်ရုံနှင့်စိုက်ခင်းများသို့ ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့မှု၊ စွမ်းအင်ရရှိနိုင်မှုနည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက္ကူသည် တိုင်းပြည်အတွက် လိုအပ်ချက်များစွာရှိနေပြီး နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့် စက္ကူလိုအပ်ချက်များစွာကို ပြည်ပမှ တင်သွင်းအသုံးပြုနေရကြောင်း၊ စက္ကူစက်ရုံများပြန်လည် လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်း အနေဖြင့် ဝါး၊ သစ်တို့ လိုအပ်မည်ဖြစ်ပြီး စက်လည်ပတ်နိုင်ရေးအတွက် စွမ်းအင်လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံပြန်လည် ပြုပြင်ပြီးချိန်တွင် ထပ်မံတိုးချဲ့နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းလိုအပ်ချက်ဖြစ်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများကိုလည်း စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း ပျော့ဖတ်များကို ထုတ်လုပ်၍ ရနိုင်မည်ဖြစ်ပြီး စက္ကူစက်ရုံသို့ ဆက်လက်ပို့ဆောင်နိုင်ကြောင်း၊ စက္ကူ၊ စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သဖြင့် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ စက္ကူလိုအပ်ချက်များအတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံခြားငွေ အသုံးပြုမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်ရုံများ အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုကြောင်းဖြင့်မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် စက္ကူအမျိုးအစားများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံဝန်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ပျော့ဖတ်ထုတ်လုပ်ရေး စက်ရုံ ခွဲ(Pulping Plant)၊ တန် (၅၀) စက္ကူစက်ရုံ၊ တန်(၆၀) သတင်းစာ စက္ကူစက်ရုံတို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)